Home
ဆောင်းပါး
ထိုင်ဝမ်အရေး ဂျပန်နဲ့ တရုတ် တကယ်တိုက်မှာလား 
DVB
·
November 18, 2025

တချိန်က ဖော်မိုဆာကျွန်းလို့လည်း ခေါ်ကြတဲ့ ထိုင်ဝမ်းကျွန်းအရေးကြောင့် အာရှအင်အားကြီး နိုင်ငံကြီး နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ တရုတ်အကြားမှာ တင်းမာမှု အမြင့်ဆုံး ရောက်လာပါတယ်။ 

ဒါဟာ ‘စကားလုံးစစ်ပွဲ’ တွေနဲ့ပဲ ပြီးသွားမလား၊ စီးပွားရေးအရ ဘယ်လောက်ထိခိုက်လာနိုင်သလဲ၊ စစ်ရေးပဋိပက္ခဆီကို ဦးတည်လာနိုင်သလား၊ တနည်းပြောရရင် ဂျပန်နဲ့ တရုတ် တကယ်တိုက်ကြ ခိုက်ကြမလားဆိုတာ သုံးသပ်တင်ပြသွားမှာ ဖြစ်ပါတယ်။

(၁) ဖော်မိုဆာ တဖြစ်လဲ ထိုင်ဝမ်အရေး

ပထမဆုံးအနေနဲ့ ဒီပြဿနာရဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ “ထိုင်ဝမ်အရေး” ကို ကြည့်ကြရအောင်ပါ။ တရုတ်နိုင်ငံရဲ့ အာဏာရ ကွန်မြူနစ်ပါတီက ထိုင်ဝမ်ကို သူ့နိုင်ငံရဲ့ “ခွဲထွက်ပြည်နယ်” တခုအဖြစ် သတ်မှတ်ထားပြီး “ပြန်လည်ပေါင်းစည်းရေး” လုပ်ရမယ်လို့ အခိုင်အမာ ဆိုထားပါတယ်။ လိုအပ်လာရင် စစ်အင်အားသုံးပြီး သိမ်းပိုက်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ပြည်သူ အများစုကတော့ ဒီ “ပေါင်းစည်းရေး” ကို လုံးဝ ဆန့်ကျင်နေပါတယ်။ ဂျပန်ရဲ့ ပိုင်နက်နယ်မြေတချို့ဟာ ထိုင်ဝမ်ရဲ့ အဓိကကျွန်းနဲ့ ကီလိုမီတာ ၁၁၀ (မိုင် ၇၀ လောက်) ပဲ ဝေးပါတယ်။ 

သမိုင်းကြောင်းအရ ကြည့်ရင်လည်း တချိန်က ဖော်မိုဆာကျွန်းလို့ ခေါ်ကြတဲ့ ထိုင်ဝမ်ကျွန်းဟာ ဒုတိယကမ္ဘာစစ် မတိုင်ခင်အထိ နှစ် ၅၀ လောက် ဂျပန်ရဲ့ကိုလိုနီ ဖြစ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးပြီးနောက်မှာ ဂျပန်က ထိုင်ဝမ်ကို အဲဒီအချိန်က တရုတ်သမ္မတနိုင်ငံ (ROC) လက်ထဲ ပြန်လွှဲခဲ့ရပါတယ်။ နောက်ပိုင်း ပြည်တွင်းစစ်မှာ ကွန်မြူနစ်တွေနိုင်ပြီး ကူမင်တန် အစိုးရက ထိုင်ဝမ်ကျွန်းပေါ် ထွက်ပြေးခဲ့ရတာပါ။ အဲဒီအချိန်ကစပြီး တရုတ်ပြည်မကြီးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) အဖြစ် ကွန်မြူနစ်တရုတ်က အုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ကတော့ တရုတ်သမ္မတနိုင်ငံ (ROC) အဖြစ် ဆက်ရပ်တည်နေခဲ့ပါတယ်။ တကယ်လို့ တရုတ်က ထိုင်ဝမ်ကို တိုက်၊ အမေရိကန်က ဝင်ကူညီခဲ့ရင် ဂျပန်လည်း ပါလာနိုင်ပါတယ်။ ဂျပန်မြေပေါ်မှာ အမေရိကန်စစ်စခန်း အများအပြား ရှိနေပါတယ်။ ဒါ့အပြင် တရုတ်နဲ့ ပစိဖိတ်သမုဒ္ဒရာကြားမှာရှိတဲ့ “ပထမကျွန်းဆက်” (First Island Chain) လို့ခေါ်တဲ့ ဂျပန်ကနေ ထိုင်ဝမ်၊ ဖိလစ်ပိုင်ကိုဖြတ်ပြီး မလေးကျွန်းဆွယ်အထိ ကျွန်းတန်းကြီး အပေါ် တရုတ်က ပထဝီနိုင်ငံရေးအရ ထိန်းချုပ်သွားမှာကို ဂျပန်ဘက်က လိုလားမှာ မဟုတ်ပါဘူး။

(၂) ဂျပန်နဲ့ တရုတ် ပြဿနာ ဘယ်ကစ

အခုလက်ရှိ “ဂျပန်နဲ့ တရုတ်” ကြားက တင်းမာမှုကို ကြည့်ရအောင်ပါ။ ဒီပြဿနာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ တာဝန်ယူခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ်သစ် ဆာနာအဲ တာကာအိချိရဲ့ မှတ်ချက်ကနေ စတင်ခဲ့တာပါ။ ပထမဆုံး ပါလီမန်မိန့်ခွန်းမှာ “ထိုင်ဝမ်ကို တရုတ်က ကျူးကျော်ဖို့ ကြိုးစားခဲ့ရင် ဂျပန်နိုင်ငံအနေနဲ့ စစ်ရေးအရ ပါဝင်လာနိုင်ခြေရှိတယ်” လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် တာကာအိချိက “ထိုင်ဝမ်အရေးဟာ အဆိုးဆုံးအခြေအနေကို ကြိုတင်တွက်ဆထားရမယ့်အထိ ပြင်းထန်လာပြီ” လို့ ပြောခဲ့ပါတယ်။ တရုတ်ရဲ့ တိုက်ခိုက်မှုဟာ ဂျပန်နိုင်ငံရဲ့ ဖြစ်တည်မှုကို ခြိမ်းခြောက်လာပြီလို့ ယူဆရင် ဂျပန်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးတပ်ဖွဲ့ (SDF) ကို သုံးစွဲနိုင်တယ်လို့ သူက ပြောခဲ့တာဖြစ်ပါတယ်။ ဂျပန်ရဲ့ စစ်ပြီးခေတ် ဖွဲ့စည်းပုံအရ နိုင်ငံတကာ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ အင်အားသုံးခွင့် မရှိပါဘူး။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတခု ရှိပါတယ်။ အဲဒီဥပဒေအရ ဂျပန်ဟာ တိုက်ရိုက် တိုက်ခိုက်မခံရရင်တောင် တချို့အခြေအနေတွေမှာ “စုပေါင်းကာကွယ်ခွင့်” (collective self-defense) ကို ကျင့်သုံးခွင့်ရှိပါတယ်။ 

ဝန်ကြီးချုပ် တာကာအိချိဟာ လက်ယာယိမ်း လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) က လာတာဖြစ်ပြီး သူ့ရဲ့ ဆရာဟောင်း ရှင်ဇိုအာဘေးလိုပဲ တရုတ်အပေါ် သဘောထားတင်းမာသူ ဖြစ်ပါတယ်။ သူဟာ ဂျပန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့ ၂ ရာခိုင်နှုန်း အထိ တိုးမြှင့်မယ်လို့လည်း ကတိပြုထားပါတယ်။ တရုတ်ဘက်ကတော့ ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရဲ့ စကားကို တရုတ်အပေါ် “စစ်ရေးခြိမ်းခြောက်မှု” အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အိုဆာကာမြို့က တရုတ်ကောင်စစ်ဝန်ချုပ်က X လူမှုကွန်ရက်မှာ “ညစ်ပတ်တဲ့လည်ပင်းကို လှီးဖြတ်ပစ်မယ်” ဆိုပြီး ဝန်ကြီးချုပ် တာကာအိချိကို ရည်ညွှန်းသလို ခြိမ်းခြောက် ရေးသားခဲ့ပါတယ်။ နောက်ပိုင်းမှာ ပို့စ်ကို ပြန်ဖျက်လိုက်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီပို့စ်ကို ခုခံကာကွယ်ခဲ့ပြီး “ထိုင်ဝမ်ခွဲထွက်ရေးသမားတွေကို မှားယွင်းတဲ့ အချက်ပေးမှုတွေမလုပ်ဖို့” ဂျပန်ကို သတိပေးခဲ့ပါတယ်။ နှစ်နိုင်ငံလုံးက တဖက်နိုင်ငံရဲ့ သံအမတ်တွေကို အပြန်အလှန် ဆင့်ခေါ် သတိပေးခဲ့ကြပါတယ်။ ဂျပန်ကိုသွားမယ့် ခရီးသွားတွေနဲ့ ကျောင်းသားတွေကို “လုံခြုံရေး ဆိုးရွားလာတယ်၊ ရာဇဝတ်မှုတွေမှာ တရုတ်နိုင်ငံသားတွေ ပစ်မှတ်ထားခံနေရတယ်” ဆိုပြီးတော့ ဖြစ်စဉ်တကယ်မရှိဘဲ သတိပေးချက်တရပ် တရုတ်က ထုတ်ပြန်ပါတယ်။ ဂျပန်သာ ထိုင်ဝမ်အရေးမှာ စစ်ရေးအရ ဝင်ပါရင် “အပြင်းအထန် ချေမှုန်းခံရလိမ့်မယ်” လို့  တရုတ်စစ်တပ်ကလည်း သတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျပန်က ထိန်းချုပ်ထားပြီး တရုတ်ကလည်း ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဆန်ကာကူကျွန်းတွေနားကို တရုတ်ကမ်းခြေစောင့်သင်္ဘော လွှတ်ခဲ့သလို ဂျပန်ရဲ့ အနောက်ဘက် အစွန်ဆုံးကျွန်းနားမှာ စစ်ဘက်သုံး ဒရုန်းတွေလည်း ပျံသန်းခဲ့ပါတယ်။

(၃) တကယ်တိုက်မှာလား

မေးစရာရှိတာက ဂျပန်နဲ့ တရုတ် “တကယ်တိုက်ကြမှာလား” ဆိုတာပါပဲ။ တင်းမာမှုတွေ မြင့်တက်လာနိုင်ခြေ ရှိသလား ဆိုရင်တော့  ရှိပါတယ်။ ဒါပေမဲ့ စစ်ရေးအရ တိုက်ရိုက် ထိပ်တိုက် တွေ့ဆုံမှု ဖြစ်နိုင်ခြေကတော့ အရမ်းနည်းတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဆန်ကာကူကျွန်းလို အငြင်းပွားနေတဲ့ နေရာတွေမှာ ဒါမှမဟုတ် ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးဇုန် (ADIZ) မှာ မတော်တဆ ထိခိုက်မှုတွေကနေ ပဋိပက္ခကြီး ဖြစ်လာမှာကိုတော့ စိုးရိမ်စရာရှိပါတယ်။ 

အဓိကကုန်သွယ်ဖက် နှစ်နိုင်ငံကြားက စီးပွားရေးနဲ့ လူမှုဆက်ဆံရေးတွေ အပေါ်မှာ လက်ငင်းထိခိုက်မှုကတော့ ရှိလာပါတယ်။ တရုတ်ရဲ့ ခရီးသွား သတိပေးချက်ကြောင့် နိုဝင်ဘာလ ၁၇ ရက်နေ့ ဂျပန်စတော့ဈေးကွက်မှာ လက်လီနဲ့ ခရီးသွားလုပ်ငန်း ရှယ်ယာတွေ ထိုးကျသွားခဲ့ပါတယ်။ အချက်အလက်တွေအရ ၂၀၂၄ မေလအထိ ဂျပန်မှာ တရုတ်ကျောင်းသား ၁၂၀,၀၀၀ ရှိနေပြီး ဒီနှစ် ပထမ ၈ လအတွင်းမှာပဲ တရုတ်ခရီးသွား ၆ ဒသမ ၇ သန်းကျော် ဂျပန်ကို လာရောက်ခဲ့ပါတယ်။ တရုတ်ရဲ့ ဒီခရီးသွားသတိပေးချက်ဟာ ဂျပန်နိုင်ငံအတွက် စီးပွားရေးအရ ယန်း ၂ ဒသမ ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ) လောက်အထိ ထိခိုက်စေနိုင်တယ်လို့ Nomura သုတေသနအဖွဲ့က ခန့်မှန်းထားပါတယ်။ 

လက်ရှိအချိန်မှာတော့ ဝန်ကြီးချုပ် တာကာအိချိက သူ့ရဲ့ ရပ်တည်ချက်ကနေ နောက်ဆုတ်မသွားပါဘူး။ ဒါပေမဲ့ အခြေအနေတွေ ပြန်လည်တည်ငြိမ်အောင် ဂျပန်ဘက်က အဆင့်မြင့် သံတမန်တဦးကို ပေကျင်းမြို့တော်ကို စေလွှတ်ထားပြီလို့ ဂျပန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။ အခုချိန်မှာတော့ ‘စကားလုံးစစ်ပွဲ’ အဆင့်ပဲ ရှိနေသေးပြီးတော့ စီးပွားရေးအရ ထိခိုက်မှုတွေပဲ ရှိနေပါသေးတယ်။ ဒါပေမဲ့ ဒီလို တင်းမာမှုတွေကြားမှာ သံတမန်ရေးရာ အမှားအယွင်းတခု၊ မတော်တဆဖြစ်စဉ် တခုကနေ စစ်ရေးပဋိပက္ခ အစပျိုးသွားဖို့ဆိုတာ သိပ်ကို နီးစပ်နေတာကြောင့် ဆက်ပြီးတော့ သတိထား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013