
မကြာမီ အနာဂတ်မှာ ဂျပန်နိုင်ငံဆီ ခရီးသွားလာတာကို ရှောင်ဖို့ တရုတ်ခရီးသည်တွေကို တိုက်တွန်းတဲ့ လေးနက်တဲ့ သတိပေးချက်တရပ်ကို တရုတ်ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အသိပေးချက်အရ ဂျပန်နိုင်ငံမှာ လက်ရှိ နေထိုင်သူတွေဟာ ဒေသတွင်း လုံခြုံရေးအခြေအနေကို အနီးကပ်စောင့်ကြည့်ဖို့၊ ဘေးကင်းရေး ကြိုတင်ကာကွယ်မှုတွေအကြောင်း အသိပညာကို မြှင့်တင်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှု အစီအမံတွေကို အားဖြည့်ထားဖို့ အကြံပြုထားပါတယ်။
အရေးပေါ်အခြေအနေတွေမှာ ခရီးသည်တွေဟာ ဒေသခံရဲတပ်ဖွဲ့ဆီ ချက်ချင်းဆက်သွယ်ပြီး ဂျပန်နိုင်ငံထဲက တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေဆီကနေ အကူအညီရယူသင့်တယ်လို့လည်း ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ သတိပေးချက်တခု ထုတ်ပြန်အပြီး အခု နောက်ထပ် အသိပေးချက်အသစ် ထွက်လာတာပါ။
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်အရ ဂျပန်နိုင်ငံမှာ အခုနှစ်အတွင်း အများပြည်သူလုံခြုံရေး သိသိသာသာ ကျဆင်းခဲ့ပြီး တရုတ်နိုင်ငံသားတွေပါတဲ့ ဖြစ်ရပ်တွေ မကြာခဏ ဖြစ်ပျက်ခဲ့ပါတယ်။
မကြာသေးမီက ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ထိုင်ဝမ်ပြဿနာနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း နှိုးဆွတဲ့ မှတ်ချက်တွေကို ပြောခဲ့တာပါ။
ဒါဟာ တရုတ်နဲ့ ဂျပန်အကြား ပြည်သူချင်းဖလှယ်မှု လေထုကို အပြင်းအထန် ထိခိုက်စေပြီး ဂျပန်နိုင်ငံက တရုတ်နိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာ ဘေးကင်းရေးနဲ့ အသက်အန္တရာယ်တွေကို သိသာထင်ရှားတဲ့ အန္တရာယ်တွေ ဖြစ်စေတယ်လို့လည်း အသိပေးချက်ထဲမှာ ပြောခဲ့ပါတယ်။
အဲရ်ချိုင်းနား၊ ချိုင်းနားဆောက်သမ်းလေကြောင်းလိုင်း၊ ချိုင်းနားအရှေ့ပိုင်းလေကြောင်းလိုင်း၊ ဟိုင်နန်လေကြောင်းလိုင်း၊ စီချွမ်လေကြောင်းလိုင်းနဲ့ ရှားမဲန်လေကြောင်းလိုင်းတို့ အပါအဝင် လေကြောင်းလိုင်း ၆ ခုက စနေနေ့မှာ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး ဂျပန်နိုင်ငံဆီ ပျံသန်းမယ့် လမ်းကြောင်းတွေ အပါအဝင် သက်ဆိုင်ရာ အခြေအနေတွေနဲ့ ကိုက်ညီတဲ့ ခရီးသွားရက်တွေအတွက် လက်မှတ်တွေကို အခမဲ့ပြန်အမ်းတာ ဒါမှမဟုတ် လမ်းကြောင်းပြောင်းတာတွေ လုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
Source: Reuters


