
ထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံကိုမသွားဖို့ နိုင်ငံသားတွေကို တရုတ်နိုင်ငံက တိုက်တွန်း ထားပါတယ်။
ဒါ့အပြင် ဂျပန်ဝန်ကြီးချုပ်တာကာအိချိရဲ့ ထိုင်ဝမ်အရေးမှတ်ချက်နဲ့ပတ်သက်ပြီးလည်း ပေကျင်းရဲ့ ဂျပန်သံအမတ်ကို ဆင့်ခေါ် ကန့်ကွက် ထားပါတယ်။
ဒီတပတ်အတွင်း တရုတ်နဲ့ ဂျပန်နိုင်ငံတို့ရဲ့ စကားစစ်ထိုးမှုအရှိန်မြင့်တက်လာတာပဲဖြစ်ပါတယ်။ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ပါက ဂျပန်နိုင်ငံက ကိုယ်ပိုင် ကာကွယ်ရေးတပ်နဲ့ ပြန်တုံ့ပြန်နိုင် တယ်လို့ တာကာအိချိက ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီပြောစကားနဲ့ပတ်သက်ပြီး နှစ်ဘက် နိုင်ငံခြားရေးဝန်ကြီးတွေက အပြန်အလှန်အပြင်းအထန် ကာကွယ်ပြောဆိုနေကြပါတယ်။
တရုတ်သံတမန်တယောက်က ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ တာကာအိချိရဲ့ ခေါင်းကို ဖြတ်ပစ်သင့်တယ်လို့ မှတ်ချက်ပေးတာလည်းရှိခဲ့ပါတယ်။
ဒီပြောဆိုမှုတွေဟာ ဂျပန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ သမိုင်းတလျောက် မုန်းတီးမှုတွေကို ပိုပြီး တင်းမာ လာစေတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက မနေ့က ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး တာကာအိချိရဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။
တာကာအိချိရဲ့ စကားတွေက တရုတ်နိုင်ငံရဲ့ အနီရောင်လိုင်းကို ကျော်ပြီး ပြောဆိုခဲ့သလို အင်အားသုံး ခြိမ်းခြောက်မှုနဲ့ စစ်ဖြစ်ဖို့ ပြောဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တာကာအိချိကတော့ မှားယွင်းပြီး ပြောမိတယ်လို့ ဝန်ခံဖို့ ငြင်းဆိုထားပြီး ပြန်ရုပ်သိမ်းဖို့လည်း ငြင်းဆိုထားပါတယ်။
ဂျပန်ဝန်ကြီးချုပ်ရဲ့ ပြောစကားနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံရေးလေ့လာသူတွေကလည်း ဝေဖန်ရှုတ်ချ နေကြပါတယ်။
ဒီပြောဆိုမှုဟာ တရုတ်၊ ဂျပန်ဆက်ဆံရေးကို ထိခိုက်စေတယ်လို့ ဝေဖန်သူတွေက ဖော်ပြ ကြပါတယ်။ အဲ့ဒီဝေဖန်မှုတွေထဲမှာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ၃ ယောက်ဖြစ်တဲ့ အီရှီဘ၊ ယိုရှီဟီကိုနိုဒါနဲ့ ဟာတိုယာမာတို့လည်း ပါဝင်ပါတယ်။
Source:Reuters


