Home
နိုင်ငံတကာ
အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ သန်း ၃၃၀ တန်ကြေးရှိ စစ်လက်နက်ပစ္စည်းများ ရောင်းချမည်
DVB
·
November 14, 2025
Photo: DVIDS

အမေရိကန်ဟာ ထိုင်ဝမ်အတွက် ဒေါ်လာသန်း​ပေါင်း ၃၃၀ တန်ကြေးရှိတဲ့ စစ်လက်နက် ပစ္စည်းတွေကို ရောင်းချပေးဖို့ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုပါတယ်။

အဲဒီထဲမှာ တိုက်လေယာဉ်ပြုပြင်ရေးနဲ့ အပိုပစ္စည်းတွေ အဓိကပါဝင်ပြီး ဒါဟာ ဒေါ်နယ်ထရမ့်ပ်ရဲ့  ဒုတိယသက်တမ်းအတွင်း တိုင်ပေနဲ့ ပထမဆုံး အရောင်းအဝယ် ဖြစ်လာနိုင်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ ပင်တဂွန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ “လက်ရှိနဲ့ အနာဂတ် ခြိမ်းခြောက်မှုတွေအပေါ်  ရင်ဆိုင်နိုင်စွမ်းကို အဆိုပြုထားတဲ့ ရောင်းချမှုကနေ မြှင့်တင်ပေးနိုင်သလို F-16၊ C-130 နဲ့ တခြားလေယာဉ်တွေပါ စစ်ရေးအသင့်ဖြစ်နေအောင် ထိန်းသိမ်းနိုင်မှာဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက “မိမိတို့ကိုယ်ပိုင် ကာကွယ်ရေးစွမ်းရည်ကို အမေရိကန်အနေနဲ့ လုံလောက်အောင် ဆက်လက်ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ တုံ့ပြန်ထားပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ ထိုင်ဝမ်အတွက် အရေးအကြီးဆုံး လက်နက်တပ်ဆင်၊ ထောက်ပံ့ပေးနေသူ ဖြစ်တဲ့အလျောက် ဒီတခေါက်ရောင်းချမှုဟာ တလအတွင်း ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ဘက်က တရုတ်ပြည်မကြီးနဲ့ တရားဝင် သံတမန်ဆက်ဆံရေး ရှိထားသလို ထိုင်ဝမ်နဲ့လည်း တရားဝင်မဟုတ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပါတယ်။

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးရဲ့ ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပေမဲ့လည်း တိုင်ပေအစိုးရကတော့ အပြင်းအထန် ကန့်ကွက်ထားပါတယ်။

ဒါကြောင့် ထိုင်ဝမ်အနီးတဝိုက် ရေပြင်နဲ့ ကောင်းကင်ယံမှာ တရုတ်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေကို ပုံမှန်ပြုလုပ်လေ့ ရှိပါတယ်။

ထိုင်ဝမ်အစိုးရကတော့ ဒါဟာ ကျွန်းနိုင်ငံကို ဖိအားပေးလိုတဲ့ “မီးခိုးရောင်ဇုန်” လှုပ်ရှားမှုတွေ ဖြစ်တယ်ဆိုပြီး သုံးနှုန်းထားပါတယ်။

အမေရိကန်သမ္မတ ထရမ့်ပ်ကတော့ သူ့လက်ထက်မှာ ရှီဟာ ထိုင်ဝမ်ကို ကျူးကျော်မှာ မဟုတ်ကြောင်း ပြောခဲ့ဖူးတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့လက တောင်ကိုရီးယားနိုင်ငံမှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ ထရမ့်ပ်တို့ကြား တွေ့ဆုံမှုအတွင်း ထိုင်ဝမ်ရဲ့ အကျိုးစီးပွားနဲ့ပတ်သက်ပြီး အပေးအယူလုပ်နိုင်ခြေကို စိုးရိမ်နေခဲ့ကြတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013