
မြန်မာအပါအဝင် အရှေ့တောင်အာရှမှာ ခရစ်ပတိုငွေကြေး အွန်လိုင်းငွေလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်နှိမ်နင်းဖို့အတွက် အထူးတပ်ဖွဲ့တဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမေရိကန်အစိုးရက နိုဝင်ဘာ ၁၂ ရက်မှာ ကြေညာပါတယ်။
ငွေလိမ်ဂိုဏ်းတိုက်ဖျက်ရေးအထူးအဖွဲ့ (Scam Center Strike Force) လို့အမည်ပေးထားတဲ့အဖွဲ့ကို ဝါရှင်တန်မှာ အမေရိကန်အစိုးရရှေ့နေ ဂျင်နိုင်းဖားရစ်ပီရိုက ဦးဆောင်ပြီး တရားရေးဝန်ကြီးဌာန၊ FBI နဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေ အပါအဝင် ဖက်ဒရယ်ဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့အတူ ဖွဲ့စည်းလိုက်တာပါ။
တရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်တဲ့အဖွဲ့ (TCOs) တွေက ခရစ်ပတိုငွေကြေး ရင်းနှီးမြှုပ်နှံမှု လိမ်လည်တာတွေ၊ ယုံကြည်အောင် လှည့်ဖြားတဲ့ နည်းလမ်းပေါင်းစုံတွေ သုံးပြီး သာမန် အမေရိကန်ပြည်သူတွေရဲ့ ဘဝတသက်စာ စုဆောင်းထားတဲ့ ပိုက်ဆံတွေကို လိမ်လည်ခိုးယူ နေကြတယ်လို့ ဆိုပါတယ်။
အမေရိကန် လူမှုကွန်ရက်တွေ ဒါမှမဟုတ် အမေရိကန်နိုင်ငံသားတွေရဲ့ ဖုန်းနံပါတ်တွေဆီ ပို့တဲ့ text မက်ဆေ့ချ်တွေကနေတဆင့် သူတို့ ပစ်မှတ်ထားတဲ့ သားကောင်တွေကို အရင်ဆုံး ယုံကြည်မှု ရအောင် တည်ဆောက်ကြပြီး အချိန်ကြာလာတာနဲ့အမျှ၊ သားကောင်တွေကို ခရစ်ပတို ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ယုံအောင် လိမ်လည်ပြောဆိုကာ အဲ့ဒီပိုက်ဆံတွေကို ခရစ်တိုငွေကြေး ရင်းနှီးမြှုပ်နှံမှု ဝက်ဘ်ဆိုက် အတုတွေ၊ အက်ပလီကေးရှင်း အတုတွေထဲကို လွှဲခိုင်းပြီး လိမ်လည်တာ ဖြစ်ပါတယ်။
ပိုက်ဆံ လွှဲလိုက်ပြီးတာနဲ့ အဲ့ဒီ ခရစ်ပတိုတွေကို ချက်ချင်း ငွေကြေးခဝါချပြီး အမေရိကန်ရဲ့ တရားစီရင်ပိုင်ခွင့် အပြင်ဘက်က တခြား အကောင့်တွေထဲကို ပို့လိုက်ကြတာဖြစ်ပြီး ဒီနည်းလမ်းကို လိမ်လည်သူတွေက "ဝက်မွေးပြီး သတ်စား" (pig butchering) တာလို့ သုံးနှုန်းကြပါတယ်။
သားကောင်ကို အချိန်အကြာကြီး နည်းနည်းချင်း ပိုက်ဆံတွေ ထည့်ဝင်လာအောင်၊ များသောအားဖြင့် ခရစ်ပတိုငွေကြေး ပုံစံနဲ့ ရင်းနှီးမြှုပ်နှံလာအောင် အားပေး တိုက်တွန်းတဲ့ လိမ်လည်မှုမျိုး ဖြစ်ပါတယ်။
ဒီငွေလိမ်စခန်းတွေကို မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေမှာ ထားရှိပြီး လူကုန်ကူးခံရသူတွေကို လက်နက်ကိုင်အဖွဲ့တွေရဲ့ အစောင့်အကြပ်အောက်မှာ အတင်းအဓမ္မ ညှဉ်းပန်းနှိပ်စက် ခိုင်းစေနေတာဖြစ်ပါတယ်။
အသစ်ဖွဲ့စည်းလိုက်တဲ့ အထူးတပ်ဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းက အွန်လိုင်းငွေလိမ်လည်မှု စခန်း ၂ ခုကို စတင်စစ်ဆင်ရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာလည်း FBI အေးဂျင့်တွေဟာ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံက KK Park လို ကျားဖြန့်စခန်းတွေကို တိုက်ဖျက်ဖို့ လုပ်ဆောင်နေပါတယ်။
ဒီစစ်ဆင်ရေးတွေရဲ့ တစိတ်တပိုင်းအနေနဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ကို အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြောင်း အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါတပ်ဖွဲ့ဟာ အရှေ့တောင်အာရှမှာရှိတဲ့ အဆိုးရွားဆုံး လိမ်လည်မှုစခန်းတွေကို စုံစမ်းစစ်ဆေးနေပြီး ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့မှာ လှုပ်ရှားနေတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတဲ့ အဓိကခေါင်းဆောင်တွေကို ဖော်ထုတ်အရေးယူဖို့ အာရုံစိုက်နေပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ဒီအွန်လိုင်းငွေလိမ်လည်မှုစခန်းတွေနဲ့ ဆက်စပ်နေတဲ့အတွက် DKBAနဲ့ တခြားအဖွဲ့အစည်းတွေကို အထူးသတ်မှတ်ထားသော နိုင်ငံသားများ (SDN) စာရင်းထဲကို ထည့်သွင်းထားပါတယ်။
ဒီ SDN စာရင်းမှာ အကြမ်းဖက်သမားတွေ၊ မူးယစ်ဆေးဝါးကုန်ကူးသူတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေလို လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေ ပါဝင်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့ထားကာ အမေရိကန်နိုင်ငံသားတွေအနေနဲ့ သူတို့နဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ကို တားမြစ်ထာတာတွေ ပါဝင်ပါပါတယ်။
အထူးတပ်ဖွဲ့ရဲ့ ခရစ်ပတိုငွေကြေး သိမ်းဆည်းရေးအဖွဲ့ဟာ ဒီလိုလိမ်လည်မှုတွေကနေ ရရှိထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ကို သိမ်းဆည်းရမိထားပြီး နစ်နာသူတွေထံပြန်ပေးမယ်လို့ အမေရိကန် ရှေ့နေရုံးက ထုတ်ပြန် ပါတယ်။
ဒါ့အပြင် ခိုးယူခံထားရတဲ့ နောက်ထပ် ရန်ပုံငွေ ဒေါ်လာ သန်း ၈၀ ကိုလည်း သိမ်းဆည်းနိုင်ဖို့အတွက် တရားစွဲဆိုမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီသိမ်းဆည်းရေးအဖွဲ့ဟာ လိမ်လည်ခံရတဲ့ငွေတွေကို ပြန်လည်ရယူပြီး နစ်နာသူတွေဆီ ပြန်ပေးနိုင်ဖို့ အဓိကထား လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒီလိမ်လည်မှုတွေကြောင့် အမေရိကန်တွေဟာ တနှစ်ကို ဒေါ်လာ ဘီလီယံ ၁၀ လောက် နစ်နာဆုံးရှုံးနေရတယ်လို့ ခန့်မှန်းထားပြီး လိမ်လည်မှုကနေ ရတဲ့ဝင်ငွေ အမေရိကန်နိုင်ငံရဲ့ GDP ရဲ့ ထက်ဝက်နီးပါးလောက်အထိရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကျားဖြန့်ကိစ္စနဲ့ဆက်နွှယ်ပြီး မြန်မာနိုင်ငံက DKBA ခေါင်းဆောင် ၄ ယောက်နဲ့ ထိုင်းအခြေစိုက် Trans Asia နဲ့ Troth Star ကုမ္ပဏီပိုင် ထိုင်းနိုင်ငံသားတယောက်ကိုပါ ဒဏ်ခတ်အရေးယူလိုက်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်က ကြေညာပါတယ်။
ဒါ့ပြင် အာဏာသိမ်းစစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူနဲ့ သူ့ရဲ့ မိသားစုဝင်တွေကိုလည်း ကျားဖြန့်ငွေလိမ်လုပ်ငန်းမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး အမေရိကန်က အရင်ကတည်းက ပိတ်ဆို့ ဒဏ်ခတ် အရေးယူထား ပါတယ်။


