
အမေရိကန်သမိုင်းတလျှောက်မှာ အချိန်အကြာဆုံး အစိုးရယန္တရား ရပ်ဆိုင်းမှုကို အဆုံးသတ်ဖို့ သဘောတူညီချက်တရပ်ကို အထက်လွှတ်တော်မှာ မဲခွဲ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အစိုးရ ယန္တရားရပ်ဆိုင်းမှု ရက် ၄၀ ပြည့်တဲ့အချိန် ဝါရှင်တန်မှာ ဒီမိုကရက်အမတ်တချို့က ရီပတ်ဘလီကန်တွေနဲ့ ပူးပေါင်းပြီး သဘောတူညီချက်ကို ထောက်ခံမဲ ပေးခဲ့ကြပါတယ်။
ဒီမဲခွဲဆုံးဖြတ်မှုဟာ အောက်တိုဘာ ၁ ရက်နေ့ကတည်းက ဘဏ္ဍာငွေရပ်ဆိုင်းနေတဲ့ အစိုးရယန္တရား ပြန်လည် လည်ပတ်နိုင်ရေး ညှိနှိုင်းမှုမှာ ပထမဆုံးလုပ်ငန်းစဉ် ဖြစ်ပါတယ်။
ဖယ်ဒရယ် ဝန်ထမ်းတွေ ရုံးပြန်တက်နိုင်ဖို့ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရေး အပါအဝင် တခြားအဆင့်တွေကို ဖြတ်ကျော်ရဦးမှာ ဖြစ်ပါတယ်။
ရက် ၄၀ ကြာ ဒီရပ်ဆိုင်းမှုကြောင့် ဝန်ထမ်း ၁ ဒသမ ၄ သန်းလောက် လစာမရဘဲ ဖြစ်နေခဲ့ရသလို အမေရိကန် လေကြောင်းခရီးသွားလာမှုနဲ့ ဝင်ငွေနည်းပြည်သူ ၄၁ သန်းအတွက် စားနပ်ရိက္ခာ အထောက်အပံ့တွေ အပါအဝင် ဝန်ဆောင်မှုတွေအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။
အမတ် ၁၀၀ ရှိတဲ့ အထက်လွှတ်တော်မှာ ရီပတ်ဘလီကန်တွေက ၅၃ ယောက် - ၄၇ ယောက်နဲ့ လူများစု ဖြစ်နေပေမဲ့ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေတရပ် ပြဋ္ဌာန်းဖို့အတွက် ထောက်ခံမဲ ၆၀ အထိ လိုအပ်တာဖြစ်ပါတယ်။
အခုညှိနှိုင်းမှုတွေအရ ဒီမိုကရက်ဘက်က ၈ ယောက်က ဘက်ပြောင်းထောက်ခံခဲ့ကြပြီး ရီပတ်ဘလီကန်ဘက်က တယောက်က ကန့်ကွက်ခဲ့တဲ့အတွက် ၆၀ အတိ ရပြီးတော့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီမိုကရက်တွေ အဓိကတောင်းဆိုနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့တွေ သက်တမ်းတိုးရေးကိစ္စကို ဒီဇင်ဘာလမှာ မဲခွဲဆုံးဖြတ်ဖို့ သဘောတူညီချက် ပါဝင်ပါတယ်။
ဒါပေမဲ့ ဘဏ္ဍာငွေ အရအသုံး သဘောတူညီချက်ဟာ အစိုးရဌာနအများစုကို ဇန်နဝါရီ ၃၀ ရက်အထိသာ ဆက်လက်လည်ပတ်စေမှာဖြစ်လို့ နောက်နှစ်အစောပိုင်းမှာ နောက်ထပ် ရပ်ဆိုင်းမှု မဖြစ်အောင် ထပ်မံညှိနှိုင်းရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရပ်ဆိုင်းမှုကာလအတွင်း လုပ်ခလစာမရခဲ့တဲ့ ဝန်ထမ်းအားလုံးကို လစာပြန်ပေးဖို့နဲ့ စားနပ်ရိက္ခာအစီအစဉ် (Snap) ကို နောင်နှစ် စက်တင်ဘာလအထိ ရန်ပုံငွေထောက်ပံ့ဖို့လည်း အာမခံချက် ပါဝင်ပါတယ်။
Source: Reuters


