
အောက်တိုဘာ ၁ ရက်မှာ စတင်ခဲ့တဲ့ အမေရိကန်အစိုးရ ယန္တရားရပ်ဆိုင်းမှုဟာ ၃၆ ရက်မြောက် ရှိလာခဲ့ပြီး သမိုင်းတလျှောက် အချိန်အကြာဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ဒါဟာ ထရမ့်ပ်လက်ထက် ပထမသက်တမ်းအတွင်း အကြာရှည်ဆုံးဖြစ်ခဲ့တဲ့ ၃၅ ရက်ထက် ကျော်လွန်သွားသလို လက်ရှိ ကွန်ဂရက်လွှတ်တော်မှာလည်း သဘောတူညီချက်ရဖို့ ရုန်းကန်းနေရဆဲ ဖြစ်ပါတယ်။
ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် အမတ်တွေကြား တဖက်နဲ့တဖက် အလျှော့ပေးလိုတဲ့ လက္ခဏာမျိုး မတွေ့ရသေးပေမဲ့လည်း ဆွေးနွေးညှိနှိုင်းလိုတဲ့ သဘောထားတော့ ပြလာကြပါတယ်။
နောက်ဆက်တွဲအဖြစ် အစိုးရဝန်ထမ်းအများစုဟာ လုပ်ခလစာမရဘဲ အလုပ်ဆက်လုပ်နေရပြီး ပြည်သူသန်းနဲ့ချီအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံဝန်ဆောင်မှုတွေ မပေးနိုင်တော့တာမျိုး ဖြစ်လာခဲ့ပါတယ်။
အမေရိကန်နိုင်ငံသား ၄၂ သန်းကျော်ဟာ ဝင်ငွေနည်းပါးတဲ့အလျောက် အစိုးရထောက်ပံ့တဲ့ စားနပ်ရိက္ခာ အစီအစဉ်အပေါ် မှီခိုနေရတဲ့အပြင် ဖက်ဒရယ်ဝန်ထမ်းပေါင်း ၁ ဒသမ ၄ သန်းရဲ့ လစာတွေပါ မထုတ်ပေးနိုင်သေးကြောင်း ဖော်ပြထားပါတယ်။
တကယ်လို့ နောက်တပတ်ထဲမှာ အစိုးရလုပ်ငန်းတွေ ပြန်ပွင့်လာခဲ့ရင်တောင် စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး GDP ရဲ့ တိုးတက်မှုနှုန်းဟာ နှေးကွေးသွားနိုင်တယ်ဆိုပြီး ခန့်မှန်းထားပါတယ်။
အမေရိကန်နိုင်ငံရဲ့ GDP ကို တစ်ရာခိုင်နှုန်းကနေ နှစ်ရာခိုင်နှုန်းအထိ လျော့ကျသွားစေနိုင်ကြောင်း လွှတ်တော်ဆိုင်ရာ ဘတ်ဂျက်ရုံးအနေနဲ့ ထုတ်ပြန်ထားပါတယ်။
အဲဒီကျဆင်းမှုတွေဟာ အချိန်နဲ့အမျှ ပြန်ကောင်းလာမှာ ဖြစ်ပေမဲ့လည်း ကြားကာလအတွင်း ဒေါ်လာ ၇ ဘီလီယံကနေ ၁၄ ဘီလီယံကြား ပမာဏကိုတော့ ဆုံးရှုံးရနိုင်တယ်လို့ ဆိုပါတယ်။
လာမယ့်သောကြာနေ့ မနက်ပိုင်းကစပြီး အဓိကကျတဲ့ လေဆိပ်ပေါင်း ၄၀ ရဲ့ ခရီးစဉ်တွေကို ၁၀ ရာခိုင်နှုန်းအထိ တဖြည်းဖြည်းချင်း လျှော့ချသွားမယ်လို့ ပို့ဆောင်ရေးဝန်ကြီး ရှောင်-ဒပ်ဖ်ဖီ ကိုယ်တိုင် သတိပေးထားပါတယ်။
လွန်ခဲ့တဲ့ စက်တင်ဘာလက အစိုးရအသုံးစရိတ်ဆိုင်ရာ ဥပေဒမူကြမ်းကို အောက်လွှတ်တော်မှာ အတည်ပြုပြီးဖြစ်ပေမဲ့လည်း အထက်လွှတ်တော်မှာတော့ ၁၄ ကြိမ်မြောက် မဲခွဲ ဆုံးဖြတ်ပြီးချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒါကြောင့် နိုဝင်ဘာ ၂၇ ရက် ကျေးဇူးတော်နေ့ မတိုင်ခင် ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်အမတ်တွေကြား သဘောတူညီချက်ရအောင် စေ့စပ်ညှိနှိုင်းသွားဖို့ ရှိနေပါတယ်။
Source:Reuters


