
မြောက်ကိုရီးယားဟာ သူ့နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပြီး ရန်စနှောင့်ယှက်နေတဲ့ အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရကို ဝေဖန်ပြစ်တင်ခဲ့ပြီး အဲဒီလို အလားတူ တုံ့ပြန်သွားမယ်လို့ ကတိပြုခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက နိုဝင်ဘာ ၆ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဌာနဟာ မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်တွေအတွက် ရန်ပုံငွေ ဖြတ်တောက်ဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုတခုအဖြစ် မြောက်ကိုရီးယားရဲ့ ဆိုက်ဘာဆက်စပ် ငွေကြေးခဝါချမှု အစီအစဉ် အမျိုးမျိုးမှာ ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ လူပုဂ္ဂိုလ် ၈ ယောက်နဲ့ အဖွဲ့အစည်း ၂ ခုကို နိုဝင်ဘာ ၄ ရက်က ပိတ်ဆို့ အရေးယူခဲ့တာ ဖြစ်ပါတယ်။
“လက်ရှိ အမေရိကန်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံကို အဆုံးထိ ရန်လိုပြီး စိတ်အနှောင့်အယှက် ပေးချင်တဲ့ သူတို့ရဲ့ ရပ်တည်ချက် သဘောထားကို ဖော်ပြနေသရွေ့ ကျနော်တို့လည်း စိတ်ရှည်ရှည်ထားပြီး တူညီတဲ့နည်းလမ်းအတိုင်း တုံ့ပြန်သွားမှာပါ” လို့ KCNA က ပြောသွားပါတယ်။
မြောက်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ လာမယ့်နှစ် အစောပိုင်းမှာ ထိပ်သီးအစည်းအဝေးတခု ကျင်းပနိုင်ခြေ ရှိနေကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက အခုသီတင်းပတ်မှာ ပြောပါတယ်။
အမေရိကန်သမ္မတ ထရမ့်ပ်ဟာ ပြီးခဲ့တဲ့လက အာရှခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး အနာဂတ် တွေ့ဆုံမှုအတွက် လမ်းဖွင့်ထားပါတယ်။
Source: Reuters


