
အမေရိကန်ပြည်ထောင်စုဟာ ဒေသတွင်းခြိမ်းခြောက်မှုတွေကို တွန်းလှန်ဖို့ တောင်ကိုရီးယားမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့တွေအတွက် “ပြောင်းလွယ်ပြင်လွယ်ရှိမှု” ကို ကြည့်မှာဖြစ်ပေမဲ့ တောင်ကိုရီးယားနဲ့ မဟာမိတ်အဖွဲ့ရဲ့ အဓိကအချက်က မြောက်ကိုရီးယားကို ဟန့်တားဖို့ အာရုံစိုက်နေမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်က နိုဝင်ဘာ ၄ ရက်မှာ ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားနယ်စပ်မှာရှိတဲ့ စစ်မဲ့ဇုန်ဆီ ခရီးစဉ် အပါအဝင် တောင်ကိုရီးယားဆီ အလည်အပတ် ခရီးစဉ်အတွင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးနဲ့အတူ ဟဂ်ဆီသ်က ပြောလိုက်တာပါ။
တောင်ကိုရီးယားမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ ကို တရုတ် အပါအဝင် ကျွန်းဆွယ်ပြင်ပက ပဋိပက္ခတွေမှာ သုံးနိုင်မလားလို့ မေးမြန်းရာမှာ ဟဂ်ဆီသ်က နျူကလီးယား လက်နက်ပိုင်တဲ့ မြောက်ကိုရီးယားရဲ့ရန်ကို ကာကွယ်ခြင်းက မဟာမိတ်အဖွဲ့ရဲ့ ရည်မှန်းချက် ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ကာကွယ်ရေးကုန်ကျစရိတ်နဲ့ တခြားကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေကို ဖြေရှင်းဖို့ မျှော်လင့်ထားတဲ့ ပူးတွဲကြေညာချက်တစောင်ကို နှစ်ဖက်စလုံးက ဆောင်ရွက်နေဆဲလို့ ဟဂ်ဆီသ်က ပြောပါတယ်။
တောင်ကိုရီးယားက စစ်ရေးရင်းနှီးမြှုပ်နှံမှုတွေကို ပိုလုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့လည်း ဟဂ်ဆီသ်က ထပ်လောင်းပြောခဲ့ပါတယ်။
မဟာမိတ်နိုင်ငံတွေဟာ အမေရိကန်သင်္ဘောတွေကို တောင်ကိုရီးယားက ပြုပြင်ထိန်းသိမ်းဖို့ သဘောတူခဲ့ပြီး လိုအပ်ရင် ဒီဒေသမှာ ဆက်နေပြီး အသင့်ဖြစ်နေဖို့ ခွင့်ပြုခဲ့တယ်လို့ ဟဂ်ဆီသ်က ပြောခဲ့ပါတယ်။
Source: Reuters


