Home
နိုင်ငံတကာ
ကင်မ်မျိုးဆက် ၃ ဆက် လက်အောက်၌ တာဝန်ထမ်းခဲ့သူ မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် ကွယ်လွန်
DVB
·
November 4, 2025
Photo: REUTERS/Marco Bello

မြောက်ကိုရီးယားအာဏာရှင် ကင်မ်မျိုးဆက် ခေါင်းဆောင် ၃  ယောက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ နိုင်ငံအကြီးအကဲ ကင်မ်ယောင်နမ်ဟာ အသက် ၉၇ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ကင်မ်ယောင်နမ်ဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ မြောက်ကိုရီးယား ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

ကင်မ်ယောင်နမ်ဟာ မြောက်ကိုရီးယားနိုင်ငံကို စတင်ထူထောင်တဲ့ ကင်မ်အီဆွန်း၊ သားဖြစ်သူ ကင်မ်ဂျုံအီနဲ့ မြေးဖြစ်သူ ကင်မ်ဂျုံအန်းတို့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ထိပ်တန်းအရာရှိတယောက် ဖြစ်ခဲ့ပါတယ်။

ကင်မ်ယောင်နမ်ဟာ နိုဝင်ဘာ ၃ ရက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး  သူ့ရဲ့ ဈာပနကို နိုင်ငံတော်အဆင့် ကျင်းပမယ်လို့ မြောက်ကိုရီးယားသတင်း အေဂျင်စီ KCNA က ဖော်ပြပါတယ်။

ကင်မ်ယောင်နမ်ဟာ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တွေ ကိုလိုနီပြုထားတဲ့အချိန်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ပြုံယမ်းမှာ ဖွင့်ခဲ့တဲ့ ကင်မ်အီဆွန်းရဲ့ တက္ကသိုလ်မှာ ပညာသင်ကြားခဲ့သလို ရုရှားနိုင်ငံမှာလည်း ပညာသင်ကြားခဲ့ပါတယ်။

၁၉၅၀ ပြည့်နှစ်မှာ နိုင်ငံရေးလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး ရာထူးအဆင့်ဆင့် တက်ခဲ့ကာ နိုင်ငံခြားရေးဝန်ကြီး စဖြစ်ခဲ့ပြီးနောက် ကင်မ်အီဆွန်း လက်ထက်တလျှောက် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

ကင်မ်ယောင်နမ်ဟာ မြောက်ကိုရီးယားနိုင်ငံ ကိုယ်စားပြု အကြီးအကဲအဖြစ် နိုင်ငံတကာအဆင့် ဆွေးနွေးပွဲတွေ တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။

ကင်မ်ယောင်နမ်ဟာ မြောက်ကိုရီးယားခေါင်းဆောင် မျိုးဆက် ၃ ဆက်အောက်မှာ တာဝန်ထမ်းဆောင်ချိန်အတွင်း ရာထူးလျှော့ချတာမျိုး လုံးဝမခံရသူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ တာဝန်ကနေ အနားယူခဲ့သူ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013