
မြောက်ကိုရီးယားဟာ ရန်သူတွေအပေါ် ဗျူဟာမြောက်အဟန့်အတား တိုးမြှင့်မယ့် ကာကွယ်ရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် အသံထက်မြန်တဲ့ဒုံးကျည်တွေ ပါ၀င်တဲ့ "နည်းပညာအဆင့်မြင့်ဆုံး လက်နက်စနစ်အသစ်" ကို အောက်တိုဘာ ၂၂ ရက်က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ပြောပါတယ်။
အသံထက်မြန်တဲ့ ဒုံးကျည် ၂ စင်းကို မြို့တော်ပြုံယမ်းအနီးရှိ ဒေသတခုကနေ ပစ်လွှတ်ခဲ့တာမှာ နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကုန်းတွင်းပိုင်းပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က အောက်တိုဘာ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အဲဒီစမ်းသပ်မှုနေရာမှာ ရှိ၊ မရှိ ဆိုတာကိုတော့ KCNA က ပြောမသွားပါဘူး။
မြောက်ကိုရီးယားဟာ ပစ်မှတ်ရဲ့ ဒုံးကျည်ကာကွယ်ရေးကို ရှောင်လွှဲနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေကို တီထွင်ထုတ်လုပ် နေတာပါ။
တောင်ကိုးရီးယားမှာ ကျင်းပမယ့် အဓိက အာရှ-ပစိဖိတ်ခေါင်းဆောင်များရဲ့ အစည်းအဝေး မတိုင်မီ တပတ်အလိုမှာပဲ မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည် အများအပြားကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
အဲဒီအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်လည်း တက်ရောက်လာမယ်လို့ မှန်းထားပြီး ထရမ့်ပ်ဟာ တောင်ကိုရီးယားမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့လည်း မျှော်လင့်ထားပါတယ်။
Source:Reuters




