
တောင်ကိုးရီးယားမှာ ကျင်းပမယ့် အာရှ-ပစိဖိတ်ဒေသခေါင်းဆောင်များအစည်းအဝေး (APEC) မတိုင်ခင် တပတ်အလိုမှာပဲ မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်ကို အရှေ့ဘက်ကို ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က အောက်တိုဘာ ၂၂ ရက်မှာ ပြောပါတယ်။
ဒါဟာ ပြုံယမ်းရဲ့ မေလနောက်ပိုင်း ပထမဆုံးသော ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုဖြစ်ပြီး ဒီလိုလက်နက်တွေကို တီထွင်ဖန်တီးမှုအပေါ် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံတကာ တားမြစ်ချက်ကို ဖီဆန်လိုက်တာလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားဟာ အောက်တိုဘာ ၂၂ ရက် အစောပိုင်းက မြောက်ကိုရီးယားမြို့တော် ပြုံယမ်းအနီး ဧရိယာမှ အရှေ့မြောက်ဘက်ကို တာတိုပစ်ဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည် အများအပြားကို ဦးတည်ပစ်ခတ်ခဲ့ကြောင်းကို တွေ့ရှိခဲ့ကြောင်း ပူးတွဲစစ်ဦးစီးချုပ်များရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ဟာ လာမယ့်အပတ်မှာ တောင်ကိုရီးယားမှာကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ဖိုရမ်မှာ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ ထရမ့်ပ် ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့လည်း တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်။
Source: Reuters




