
မြောက်ကိုရီးယားဟာ ခေါင်းဆောင် ကင်မ်ဂျုံအန်း ကြီးကြပ်တဲ့ အကြီးစား စစ်ရေးပြပွဲ အခမ်းအနားမှာ သူ့ရဲ့ အဆင့်မြင့်ဆုံး ဟွာဆုန်း- ၂၀ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို နိုင်ငံတကာ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေ ရှေ့မှောက်မှာ ပြသခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KRT က အောက်တိုဘာလ ၁၁ ရက်မှာ ထုတ်လွှင့်ပါတယ်။
အာဏာရ အလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ကြာသပတေးနေ့မှာ ပြုလုပ်ခဲ့ပြီးနောက် ချီတက်ပွဲကို သောကြာနေ့ နှောင်းပိုင်းမှာ စတင်ကျင်းပခဲ့ပါတယ်။
ပြုံယမ်းမှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ နိုင်ငံခြား ဂုဏ်သရေရှိပုဂ္ဂိုလ်တွေထဲမှာ တရုတ်ဝန်ကြီးချုပ် လီချန်း၊ ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက် ဦးဆောင်တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့အပြင် ဗီယက်နမ် ကွန်မြူနစ်ပါတီ အကြီးအကဲ တိုလမ် တို့လည်း ပါဝင်ခဲ့ပါတယ်။
စစ်ရေးပြအခမ်းအနားမှာ နျူလက်နက်ပိုင်ရှင် မြောက်ကိုရီးယားက ပြသခဲ့တဲ့ ဟွာဆုန်း- ၂၀ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို နိုင်ငံရဲ့ “အားအကောင်းဆုံး နျူကလီးယား ဗျူဟာမြောက် လက်နက်စနစ်” အဖြစ် KCNA က ဖော်ပြခဲ့ပါတယ်။
ခင်းကျင်းပြသထားတဲ့ တခြားလက်နက်တွေထဲမှာ အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေ၊ အစုလိုက်အပြုံလိုက် ပစ်ခတ်နိုင်တဲ့ ဒုံးပစ်လောင်ချာ အမျိုးအစားသစ်နဲ့ အသေခံ ဒရုန်းယာဉ်တွေလည်း ပါဝင်ပါတယ်။
ချီတက်ပွဲမှာ ဒုံးကျည်တွေနဲ့ တခြားလက်နက်တွေကို တင်ဆောင်ထားတဲ့ စစ်မော်တော်ယာဉ်တွေ ဖြတ်သွားချိန်မှာ ကင်မ်ဂျုံအန်းက အလေးပြုနေပုံတွေကိုလည်း KCNA က ဓာတ်ပုံတွေ ထုတ်ပြန်ထားပါတယ်။
စစ်ရေးပြအခမ်းအနားမှာ ကင်မ်ဂျုံအန်းဟာ နိုင်ငံရပ်ခြား စစ်ဆင်ရေးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မြောက်ကိုရီးယား တပ်ဖွဲ့တွေအတွက် နွေးထွေးတဲ့ အားပေးစကားတွေ ပြောကြားခဲ့ပြီး သူ့စစ်တပ်ရဲ့ သူရဲကောင်းဆန်မှုကို မြောက်ကိုရီးယား ကာကွယ်ရေးမှာ သာမက ဆိုရှယ်လစ် တည်ဆောက်ရေးကဏ္ဍတွေမှာလည်း တွေ့မြင်ရလိမ့်မယ်လို့ ပြောကြားခဲ့ကြောင့် KCNA မှ ထုတ်ပြန်သွားပါတယ်။
ဟွာဆုန်းစီးရီး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေဟာ မြောက်ကိုရီးယားအနေနဲ့ အမေရိကန်ပြည်မကြီးရှိ ဘယ်နေရာကိုမဆို ပစ်မှတ်ထားနိုင်စွမ်းရှိတယ် ဆိုပေမဲ့ ပစ်မှတ်ကိုရောက်ရှိဖို့က သူ့လမ်းညွှန်မှုစနစ်ရဲ့ ခေတ်မီဆန်းပြားမှုနဲ့ ကမ္ဘာ့လေထုထဲကို ပြန်ဝင်ရောက်ရာမှာ အပူနဲ့ဖိအားကို ခံနိုင်ရည်ရှိမယ့် ထိပ်ဖူးရဲ့ စွမ်းရည်နဲ့ပတ်သက်တဲ့ မေးခွန်းတွေတော့ ရှိနေပါတယ်။




