
အမေရိကန်သမိုင်းမှာ အရှည်ကြာဆုံးဖြစ်တဲ့ ၄၃ ရက်ကြာ အစိုးရယန္တရားရပ်ဆိုင်းမှုကို အဆုံးသတ်စေမယ့် ဘဏ္ဍာငွေထောက်ပံ့ရေး ဥပဒေကြမ်းကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာ ၁၂ ရက်မှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါပြီ။
ဒီဥပဒေကြမ်းကို အထက်လွှတ်တော်က နိုဝင်ဘာ ၁၁ ရက်မှာ အတည်ပြုခဲ့ပြီးနောက် အောက်လွှတ်တော်ကလည်း နိုဝင်ဘာ ၁၂ ရက်မှာ မဲ ၂၂၂ မဲ၊ ၂၀၉ မဲနဲ့ ထပ်မံအတည်ပြုခဲ့တာပါ။
အောက်လွှတ်တော်မှာ မဲခွဲရာမှာ ဒီမိုကရက်အမတ် ၆ ယောက်က ရီပတ်ဘလီကန်တွေနဲ့အတူ ပူးပေါင်းပြီး ထောက်ခံမဲ ပေးခဲ့ကြပါတယ်။
အစိုးရရပ်ဆိုင်းမှုကြောင့် လစာမရဘဲ အလုပ်ယာယီရပ်နားထားရတဲ့ ဖက်ဒရယ်ဝန်ထမ်း ထောင်ပေါင်းများစွာဟာ အခုဆိုရင် အလုပ်ပြန်ဆင်းနိုင်တော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရပ်တန့်နေခဲ့တဲ့ အစားအသောက် အထောက်အပံ့ပေးရေး အစီအစဉ်တွေနဲ့ လေကြောင်းထိန်းချုပ်ရေး စနစ်တွေလည်း ပြန်လည်စတင်လည်ပတ်တော့မှာပါ။
အစိုးရလုပ်ငန်းတွေ ပုံမှန်ပြန်လည်ပတ်ဖို့ အချိန်တခုတော့ ယူရဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ယာယီ ဘဏ္ဍာငွေအရအသုံး ဥပဒေဖြစ်ပြီး အစိုးရကို ဇန်နဝါရီ ၃၀ ရက်နေ့အထိပဲ ရန်ပုံငွေ ခွင့်ပြုထားတာ ဖြစ်ပါတယ်။
ဒီမိုကရက်တွေက ကျန်းမာရေးအာမခံ ထောက်ပံ့ကြေးတွေ တိုးချဲ့ပေးဖို့ မပါဝင်တဲ့အတွက် ဒီဘဏ္ဍာငွေခွဲတမ်းကို အစောပိုင်းမှာ ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။
Reuters/Ipsos စစ်တမ်းတခုအရ ဒီရပ်ဆိုင်းမှုအတွက် အမေရိကန် ၅၀ ရာခိုင်နှုန်းက ရီပတ်ဘလီကန်တွေကို အပြစ်တင်ပြီး ၄၇ ရာခိုင်နှုန်းကတော့ ဒီမိုကရက်တွေကို အပြစ်တင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
Source: Reuters


