
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ဟာ ၂၀၂၁ ခုနှစ်မှာ ထောက်ခံသူတွေ ကယ်ပီတိုလ် အဆောက်အအုံကို သိမ်းပိုက်ခဲ့တဲ့နေ့က သူပြောခဲ့တဲ့ မိန့်ခွန်းကို တည်းဖြတ် ပြင်ဆင်ထုတ်လွှင့်ခဲ့တဲ့ ဘီဘီစီ သတင်းဌာနကို တရားဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
နိုဝင်ဘာ ၉ ရက်က ပေးပို့ခဲ့ပြီး ရိုက်တာသတင်းဌာနမှ ကြည့်ရှုခဲ့ရတဲ့ စာထဲမှာ BBC ဟာ သူ့ရဲ့ မှတ်တမ်းကို သောကြာနေ့မှာ ပြန်ရုပ်သိမ်းရမယ်၊ အဲ့လိုမလုပ်ရင် "အနည်းဆုံး" ဒေါ်လာ ၁ ဘီလီယံ အတွက် တရားစွဲဆိုခံရမယ်လို့ သမ္မတရဲ့ ရှေ့နေတွေက ပြောကြားထားပါတယ်။
BBC ဟာ ထရမ့်ပ်ကို "ဂုဏ်သိက္ခာနဲ့ ငွေကြေးဆိုင်ရာ အလွန်အမင်း ထိခိုက်နစ်နာမှု" အတွက် တောင်းပန်ကြောင်း ထုတ်ပြန်ပြီးတော့ လျော်ကြေးလည်း ပေးရမယ်လို့ စာထဲမှာ တောင်းဆို ထားပါတယ်။
BBC ပြောရေးဆိုခွင့်ရှိသူ တယောက်က "သူတို့ဟာ စာကို ပြန်လည်သုံးသပ်ပြီး အချိန်တန်ရင် တိုက်ရိုက်တုံ့ပြန်ပါမယ်" လို့ ပြောကြားခဲ့ပါတယ်။
BBC ရဲ့ အဓိကသတင်းအစီအစဉ် ပါနိုရားမား မှာ ထုတ်လွှင့်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်မှာ ထရမ့်ပ်ရဲ့ မိန့်ခွန်းထဲက ဗီဒီယို အပိုင်းအစ ၃ ခုကို ပေါင်းစပ်ပြီး ဖန်တီးထားမှုဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က အဓိကရုဏ်းကို လှုံ့ဆော်နေတယ်လို့ ထင်မြင်ယူဆစရာ ဖြစ်ခဲ့ပါတယ်။
ထောက်ခံသူတွေဟာ ဒေါ်နယ်လ်ထရမ့်ပ်အပေါ် ဂျိုးဘိုင်ဒင်က အနိုင်ရသွားတဲ့ရလဒ်ကို ကွန်ဂရက်မှ အတည်ပြုလို့မရအောင် တားဆီးဖို့ ကြိုးပမ်းတဲ့ အစီအစဉ်တခုကို ထောက်ခံခဲ့ကြပါတယ်။
BBC ဟာ ထရမ့်ပ်က သူ့ရဲ့ထောက်ခံသူတွေကို “မျိုးချစ်စိတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ဆန္ဒပြကြဖို့ မျှော်လင့်ကြောင်း" ပြောထားတဲ့ မိန့်ခွန်းရဲ့ အစိတ်အပိုင်း တချို့ကိုလည်း ချန်လှပ်ထားခဲ့တယ်လို့ စာထဲမှာ ဖော်ပြထားပါတယ်။
ထရမ့်ပ်ရဲ့ရှေ့နေတွေက ဒါဟာ "မှားယွင်းနေပြီး အသရေဖျက်မှု" ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
BBC ဟာ အချက်အလက်တချို့ကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့တာဖြစ်ပြီး ထရမ့်ပ် ပြောကြားခဲ့တဲ့စကားမှာ မှားယွင်းတဲ့ အထင်အမြင်ကို ဖန်တီးဖို့ တခြားအချက်အလက်တွေနဲ့ လှည့်ဖြားပြီး နှိုင်းယှဉ်ခြင်းဖြင့် ဖလော်ရီဒါ အသရေဖျက်မှုဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ ထရမ့်ပ် ရဲ့ ရှေ့နေတွေက ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ နေအိမ်ဟာ ဖလော်ရီဒါမှာ ရှိပြီး ဖလော်ရီဒါဥပဒေကို ကိုးကားပြီး အဲဒီမှာ တရားစွဲ ဆိုမယ်လို့ အကြံပြုထားပါတယ်။
BBC ရဲ့ မိန့်ခွန်းနဲ့ ပိုမိုကျယ်ပြန့်တဲ့ ဝေဖန်မှုတွေကြောင့် သတင်းဌာနလည်း အကျပ်အတည်းထဲ ကျရောက်သွားပြီး တနင်္ဂနွေနေ့မှာ ညွှန်ကြားရေးမှူးချုပ် တင်မ် ဒေဗီ နဲ့ သတင်းဌာနရဲ့ အမှုဆောင် အရာရှိချုပ် ဒေဘိုရာ တန်းနက်စ်စ် တို့ ရာထူးမှ နုတ်ထွက်ခဲ့ကြပါတယ်။
ဒီသတင်းမှတ်တမ်းကိုလည်း BBC ရဲ့ iPlayer ဗီဒီယို-on-demand ဝန်ဆောင်မှုမှာ ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။
BBC ဥက္ကဋ္ဌ ဆမီယာ ရှားက ရုပ်သံတည်းဖြတ်မှုအတွက် နိုဝင်ဘာ ၁၀ ရက်မှာ တောင်းပန်ခဲ့ပေမဲ့ ရုပ်သံထုတ်လွှင့်သူရဲ့ သတင်းပို့ချက်ဟာ စနစ်တကျ ဘက်လိုက်မှုရှိတယ်ဆိုတဲ့ ပြောဆိုချက် တွေကိုတော့ ငြင်းဆိုခဲ့ပါတယ်။
BBC ဟာ တရားဥပဒေဆိုင်ရာ ခြိမ်းခြောက်မှုကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို စဉ်းစားနေတယ်လို့ ပြောပါတယ်။
မိန့်ခွန်းကို ပြင်ဆင်ထုတ်လွှင့်လိုက်တဲ့ ပုံစံဟာ အကြမ်းဖက်မှုကို တိုက်ရိုက် လှုံ့ဆော်လိုက်သလို ဖြစ်သွားစေတာကို BBC က လက်ခံပါကြောင်း ရှားက ပြောကြားခဲ့ပြီး BBC ဟာ ဆုံးဖြတ်ချက်အမှားအတွက် တောင်းပန်လိုပါတယ်လို့လည်း ဥပဒေပြုအမတ်တွေဆီ ပေးပို့တဲ့ စာတစောင်မှာ ပြောထားပါတယ်။
Source:Reuters


