
ဘီဘီစီသတင်းဌာနရဲ့ Panorama ရုပ်သံမှတ်တမ်းမှာ ဒေါ်နယ်ထရမ့်ပ်ရဲ့ မိန့်ခွန်းကို တည်းဖြတ်ရာမှာ ကြည့်ရှုသူတွေ အထင်မြင်လွဲမှားစေခဲ့တယ်လို့ ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့အပြီးမှာ ဘီဘီစီ ခေါင်းဆောင်ပိုင်း ရာထူးက နုတ်ထွက်ပေးခဲ့ရပါတယ်။
ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေးဗီးစီနဲ့ သတင်းပိုင်းဆိုင်ရာ စီအီးအို ဒက်ဘိုရာ တားနက်စ်တို့ နုတ်ထွက်ပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒီကိစ္စဟာ တယ်လီဂရက်ဖ် သတင်းစာက ဘီဘီစီ ရုံးတွင်းမှတ်တမ်းတခု ပေါက်ကြားခဲ့တာကို ဖော်ပြရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ဇန်နဝါရီမှာ ထရမ့်ပ် ပြောခဲ့တဲ့ မိန့်ခွန်းကို ပိုင်းပြီးတော့ ပြန်ဆက်ထားတဲ့ပုံစံအရ ထရမ့်ပ်ဟာ ကက်ပီတယ်လ်ဟေးလ် လွှတ်တော်အဆောက်အအုံမှာ အုံကြွမှုဖြစ်အောင် အတိအလင်း လှုံ့ဆော်သလို ဖြစ်သွားစေတယ်လို့ အဲဒီမှတ်တမ်းမှာ သုံးသပ်ထားပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က ဝါရှင်တန်ဒီစီမှာ ထရမ့်ပ်ပြောခဲ့တဲ့ မိန့်ခွန်းမှာ “ကက်ပီတယ်လ် အဆောက်အအုံဆီကို ကျုပ်တို့ ချီတက်ကြမယ်။ ကျုပ်တို့ရဲ့ ရဲရင့်တဲ့ အထက်လွှတ်တော် အမတ်တွေနဲ့ အောက်လွှတ်တော် အမတ်တွေကို အားပေးကြမယ်” လို့ ထည့်ပြောခဲ့ပါတယ်။
ဒါပေမဲ့ Panorama အစီအစဉ် တည်းဖြတ်မှုမှာတော့ “ကက်ပီတယ်လ် အဆောက်အအုံဆီကို ကျုပ်တို့ ချီတက်ကြမယ်။ …။ ခင်ဗျားတို့နဲ့အတူ ကျုပ် ရှိနေမယ်။ ကျုပ်တို့ တိုက်မယ်။ ငရဲလိုမျိုးကို တိုက်ကြမယ်” လို့ ချိတ်ဆက်ပေးထားပါတယ်။
ဒီအပိုင်းနှစ်ပိုင်းဟာ တကယ်တမ်း ကြားထဲမှာ မိနစ် ၅၀ ကျော် ကွာဟနေတာ ဖြစ်ပါတယ်။
ပေါက်ကြားခဲ့တဲ့ မှတ်တမ်းမှာ ဘီဘီစီ အာရဗီဌာနရဲ့ အစ္စရေး-ဂါဇာ စစ်ပွဲ သတင်းတင်ဆက်မှုတွေမှာ ဘက်လိုက်မှုရှိတာကို မကိုင်တွယ်နိုင်တဲ့ “စနစ်ကျတဲ့ ပြဿနာတွေ” ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အိမ်ဖြူတော်က ဘီဘီစီကို “၁၀၀ ရာခိုင်နှုန်း သတင်းတု” လို့ ဝေဖန်ခဲ့ပါတယ်။
ထရမ့်ပ်ကလည်း “သူ့ရဲ့ အင်မတန်ကောင်းတဲ့ မိန့်ခွန်းကို မမှန်မကန်လုပ်တာ မိသွားလို့” ဒီလူတွေ နုတ်ထွက်ခဲ့ရတာ ဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
တင်မ်ဒေးဗီးစ်ဟာ ဘီဘီစီကို ၅ နှစ်ကြာ ဦးဆောင်ခဲ့သူဖြစ်ပြီး တားနက်စ်ကတော့ သတင်းဌာနကို ၃ နှစ်ကြာ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။


