
ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော USS Gerald R. Ford ကို ဗဟိုပြု ဝန်းရံပြီး အမေရိကန်ရေတပ်ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့က ကာရေဘီယံဒေသမှာ ရောက်နေပြီဖြစ်ကြောင်း သိရပါတယ်။
ဒါဟာ လက်တင်အမေရိကနဲ့ ကာရေဘီယံဒေသမှာ တာဝန်ယူကြီးကြပ်ရတဲ့ အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ဧရိယာထဲကို စစ်သင်္ဘောအုပ်စုက ဝင်ရောက်လာခဲ့တာပါ။
အဲဒီရေတပ်အုပ်စုထဲက USS Gerald R. Ford ပေါ်မှာ သင်္ဘောသား ၄,၀၀၀ ကျော်နဲ့ ဒါဇင်နဲ့ချီတဲ့ လေယာဉ်တွေ တင်ဆောင်လာခဲ့ပြီး ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားတဲ့ ဖျက်သင်္ဘောတွေနဲ့ တခြားစစ်သင်္ဘောမျိုးစုံအထိ ပါဝင်လာတာကို တွေ့ရပါတယ်။
ဒါကြောင့် ဆယ်စုနှစ်များစွာအတွင်း လက်တင်အမေရိကနဲ့ အနီးတဝိုက်ဒေသမှာ အမေရိကန်စစ်အင်အား အများဆုံး နေရာချထားမှု ဖြစ်လာခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်ရဲ့ အမိန့်ပေးချက်အရ နိုဝင်ဘာ ၁၁ ရက်အတွင်း အခုလိုမျိုး စစ်သင်္ဘောတွေ ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ကာရေဘီယံနဲ့ အရှေ့ပစိဖိတ်ဒေသက သင်္ဘောတွေကို မူးယစ်ဆေးဝါး တင်ဆောင်လာတယ်လို့ စွပ်စွဲပြောဆိုပြီး အမေရိကန်အနေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
အမေရိကန်ရဲ့ ၁၉ ကြိမ်ထက်မနည်း တိုက်ခိုက်မှုအတွင်း လူ ၇၆ ယောက် သေဆုံးခဲ့ရတဲ့အလျောက် ဗင်နီဇွဲလား အပါအဝင် ကိုလံဘီယာနဲ့ ထရမ့်ပ် အစိုးရတို့ကြား တင်းမာမှု မြင့်တက်လာခဲ့ပါတယ်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို ကတော့ အမေရိကန်ဟာ အကျပ်အတည်းတခု ဖြစ်လာအောင် “တမင်လုပ်ယူဖန်တီး” ပြီး သူ့အစိုးရကို ဖြုတ်ချနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း စွပ်စွဲထားပါတယ်။
အဲဒီနောက် အမေရိကန်ရဲ့ ကျူးကျော်မှု ဒါမှမဟုတ် စစ်ရေးအရ တိုက်ခိုက်မှု ပေါ်ပေါက်လာခဲ့ရင် ဗင်နီဇွဲလားအစိုးရက တုံ့ပြန်နိုင်ဖို့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေကို နေရာချ ပြင်ဆင်လျက်ရှိပါတယ်။
အမေရိကန်ရဲ့ ကျူးကျော်မှုအပေါ် “ကာလကြာရှည်ခုခံနိုင်ဖို့” အတွက် ဗင်နီဇွဲလားဘက်က ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ် အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေကို နေရာပေါင်း ၂၈၀ လောက်မှာ နေရာချပြီး ပြောက်ကျားနဲ့ ဖျက်ဆီးရေး နည်းဗျူဟာတွေ အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
CBS သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ထရမ့်ပ်က “ဗင်နီဇွဲလားနဲ့ ပတ်သက်ပြီး ကျုပ်ဘာလုပ်မယ်၊ မလုပ်ဘူးဆိုတာ ခင်ဗျားတို့ကို ပြောပြမှာမဟုတ်ဘူး” လို့ မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် ထရမ့်ပ်က မြေပြင်တိုက်ခိုက်မှုတွေ ရှိလာနိုင်ကြောင်း အရိပ်အမြွက် ပေးခဲ့ပေမဲ့လည်း ဗင်နီဇွဲလားနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်ဖို့ စဉ်းစားနေသလားဆိုတဲ့ မေးခွန်းကိုတော့ “မလုပ်ဘူး (NO)” ဆိုပြီး မတင်မကျ တုံ့ပြန်ထားပါတယ်။


