
အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေပြန်လာဖို့ကို ကြိုဆိုပြီး ပြစ်မှုကြီး ကျူးလွန်ထားသူတွေကတော့ တရားရင်ဆိုင်ရမယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံသားတွေအပေါ် အမေရိကန်အစိုးရရဲ့ TPS (Temporary Protected Status) ပေးထားတာကနေ ရပ်ဆိုင်းလိုက်တဲ့သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြောတာလို့ စစ်ကောင်စီဝါဒဖြန့် ပြန်ကြားရေးကနေ နိုဝင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်တာပါ။
ဗိုလ်ချုပ် ဇော်မင်းထွန်းက “အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသူ/နိုင်ငံသားများအနေနဲ့ အမိနိုင်ငံကို ပြန်လာလို့ရပါတယ်။ ကြိုဆိုပါတယ်။ ကျနော်တို့အနေနဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့ကတည်းက အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တရားဝင်ကြေညာချက်ထုတ်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီထဲမှာတော့ လူသတ်မှု၊ မုဒိမ်းမှု စတဲ့ပြစ်မှုကြီးများ ကျူးလွန်သူများကတော့ တရားဥပဒေအရ တရားရင်ဆိုင်ရမှာဖြစ်ပြီး ကျန်သူများကတော့ အထူးသက်ညှာစွာ ဖြေလျှော့ ဆောင်ရွက်ပေးသွားပါမယ်လို့ ကြေညာချက်မှာပါခဲ့ပြီးဖြစ်ပါတယ်။ အမေရိကန်ရောက် မြန်မာနိုင်ငံသားများအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီး အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်ပါတယ်” လို့ ပြောပါတယ်။
အဲဒီကြေညာချက်ကြောင့် ထွက်ပြေးတိမ်းရှောင်သူ တော်တော်များများ ပြန်လည် ဝင်ရောက်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်နေ့မှာလည်း PDF တွေ တရားဥပဒေဘောင်ထဲဝင်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် အဖွဲ့ဝင်ရာပေါင်းများစွာဝင်ရောက်လာတယ်လို့လည်း ဆိုပါတယ်။
သက်ဆိုင်ရာ PDF အဖွဲ့တွေကတော့ တချို့ကလွဲရင် အဲဒီလို စစ်ကောင်စီဘက်ကို ဝင်ရောက်သွားတာ မရှိဘူးလို့ ပြောဆိုထားပါတယ်။
TPS ရပ်ဆိုင်းရတာဟာ မြန်မာနိုင်ငံရဲ့ အခြေအနေတိုးတက်လာတာကြောင့်လို့ အမေရိကန်ဘက်က ထုတ်ပြန်ထားပြီး ဒီအပေါ်မှာလည်း အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်လို့ မှတ်ယူကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။


