
အမေရိကန် ကောက်ခံနေတဲ့ အခွန်နှုန်းထားတွေ လျှော့ပေးစေချင်တယ်ဆိုရင် ဥရောပအနေနဲ့ နည်းပညာကုမ္ပဏီကြီးတွေအပေါ် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ပြန်လည်သုံးသပ်သင့်တယ်လို့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဟောင်းဝက်ဒ်လက်နစ်ခ်က တိုက်တွန်းသွားပါတယ်။
ဒါဟာ ဇူလိုင်လတုန်းက သဘောတူညီမှုရခဲ့တဲ့ ကုန်သွယ်ရေးမူဘောင်ကို အကောင်အထည်ဖော်နိုင်ဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) တာဝန်ရှိသူတွေကြား ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံ ဆွေးနွေးနေကြတာပါ။
ဒီသဘောတူညီချက်အရ ဥရောပပို့ကုန်တွေအပေါ် အမေရိကန်ဘက်က ကောက်ခံမယ့် အခွန်နှုန်းထားကို ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့ပါတယ်။
အပြန်အလှန်အဖြစ် ဥရောပဘက်က ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အမေရိကန်ရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို ပိုပြီး ဝင်ခွင့်ပြုဖို့အတွက် ကတိပြုထားပါတယ်။
ဒါ့အပြင် ဥရောပရဲ့ သံမဏိနဲ့ အလူမီနီယမ်လိုမျိုး သတ္တုပို့ကုန်တွေကိုပါ အခွန်လျှော့ပေါ့ပေးဖို့ မျှော်မှန်းထားပေမဲ့ အမေရိကန်ကတော့ အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံအနေနဲ့ အခွန်လျှော့ချပေးတာမျိုး လိုချင်တယ်ဆိုရင် သူတို့ရဲ့ ဒစ်ဂျစ်တယ်ကဏ္ဍက စည်းမျဉ်းစည်းကမ်းတွေကို အရင်ပြန်သုံးသပ်ဖို့ လိုအပ်တယ်ဆိုပြီး တုံ့ပြန်ထားတာပါ။
ဒါပေမဲ့လည်း အဲဒီသဘောတူညီချက်ရဲ့ တချို့အစိတ်အပိုင်းတွေမှာ နှစ်ဘက် ကွဲလွဲမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
မကြာသေးခင်ကပဲ ထရမ့်ပ်အစိုးရဟာ အပူပိုင်းဒေသထွက် သစ်သီးနဲ့ ကော်ဖီကို အခွန်ကင်းလွတ်ခွင့်ပေးခဲ့တဲ့ အလျောက် ဥရောပရဲ့ ဝိုင်၊ ချိစ် နဲ့ ပါစတာ စတာတွေအတွက်ပါ အလားတူ လုပ်ဆောင်ပေးဖို့ မျှော်လင့်နေကြပါတယ်။
လွန်ခဲ့တဲ့နှစ်မှာ စတင်အသက်ဝင်လာတဲ့ ဥရောပရဲ့ ဒစ်ဂျစ်တယ် ဈေးကွက်ဥပဒေကို အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေက မလိုလားတာမျိုး ဖြစ်နေကြတာပါ။
ဥပမာအားဖြင့် Apple လိုမျိုး ကုမ္ပဏီတခုတည်းက ဈေးကွက်အပေါ် လက်ဝါးကြီးအုပ်လို့ မရအောင် iPhone တွေနဲ့ နားကြပ်လိုမျိုး တခြားအမှတ်တံဆိပ်ထုတ် ပစ္စည်းတွေကြား ချိတ်ဆက်ခွင့်ပြုဖို့ လိုအပ်တယ်ဆိုတဲ့ စည်းမျဉ်းကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဥရောပအရာရှိတွေကတော့ သူတို့ရဲ့ ဒစ်ဂျစ်တယ်စည်းမျဉ်းတွေမှာ ညှိနှိုင်းစရာမရှိတဲ့အပြင် “ဒါဟာ ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံတာ မဟုတ်ပါဘူး၊ အမေရိကန်ကုမ္ပဏီတွေအပေါ် ရည်ရွယ်တာလည်း မဟုတ်ဘူး” လို့ပါ တုံ့ပြန် ထားပါတယ်။
Source: Reuters


