
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ဟာ သံသယဖြစ်ဖွယ် မူးယစ်ဆေးဝါးသင်္ဘောတွေကို ဆက်လက် တိုက်ခိုက်သွးမယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်းန် လဲဗစ်ထ်က နိုဝင်ဘာ ၂၄ ရက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“ဗင်နီဇွဲလားနဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေတာတွေ ရှိနိုင်သလို မဖြစ်ပျက်နေတာတွေလည်း ရှိတဲ့ လုပ်ဆောင်ချက်တွေကို အများသိအောင် ပြောနေမှာ မဟုတ်ပါဘူး။ အစိုးရရဲ့ရပ်တည်ချက်ဟာ သမ္မတနဲ့ သူ့ရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့လိုပဲ ရှင်းရှင်းလင်းလင်း ရှိထားပါတယ်။ မာဒူရိုအစိုးရကို တရားမဝင်ကြောင်း ရှုမြင်ထားပြီး မူးယစ်ဆေးဝါးအကြမ်းဖက်သမားတွေနဲ့ အမေရိကန် ပြည်ထောင်စုကို မူးယစ်ဆေးဝါးတွေ တရားမဝင် ရောင်းဝယ်နေတဲ့ နိုင်ငံခြား အကြမ်းဖက်သမား တွေကို အောင်အောင်မြင်မြင် တိုက်ခိုက်မှုတွေအပေါ် သမ္မတက အရမ်းကို ကျေနပ်အားရမှု ရှိနေပါတယ်။ သူက ဒါကို သည်းခံနေမှာမဟုတ်ပဲ ဆက်လက် တိုက်ခိုက်မှုတွေကို မြင်နေရဦးမှာပါ” လို့ လဲဗစ်ထ် က ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ တနင်္လာနေ့မှာ ဗင်နီဇွဲလားနိုင်ငံရဲ့ ကာတယ်လ် ဒီလော့စ်ဆိုလေ့စ် အဖွဲ့ကို နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်သတ်မှတ်ခဲ့ပြီး သမ္မတ နိကိုလပ်စ် မာဒူရို နဲ့ တခြားအဆင့်မြင့် အရာရှိတွေ ပါဝင်နေတယ်လို့ဆိုတဲ့ အဖွဲ့အပေါ် အကြမ်းဖက်မှုနဲ့ဆက်စပ်တဲ့ ပိတ်ဆို့မှုတွေ ထပ်မံ ချမှတ်ခဲ့ပါတယ်။
ဗင်နီဇွဲလားအစိုးရကလည်း ရှိတောင် မရှိတဲ့ အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်တာဟာ "အဓိပ္ပာယ်မရှိတဲ့" အမေရိကန်ရဲ့ အစီအစဉ်လို့ ခေါ်ဆိုပြီး အကြမ်းဖက်အဖြစ် သတ်မှတ်မှုကို ပယ်ချခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အမေရိကန်ကို တရားမဝင် မူးယစ်ဆေးဝါးတွေ တင်သွင်းတဲ့ မှောင်ခိုကွန်ရက်ရဲ့ အခန်းကဏ္ဍကို စွပ်စွဲပြီး အမေရိကန်ပြည်ထောင်စုဟာ နေမင်းများရဲ့ဂိုဏ်းအဖွဲ့ လို့ အဓိပ္ပာယ်ရတဲ့ ကာတယ်လ် ဒီလော့စ်ဆိုလေ့စ် အဖွဲ့ကို နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်း (FTO) အဖြစ် သတ်မှတ်မှာဖြစ်ကြောင်း အခုလမှာ ပြောကြားခဲ့ပါတယ်။
မာဒူရိုဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ ကရစ်ဘီယံဒေသမှာ အမေရိကန်စစ်ရေး တည်ဆောက်မှု ကြောင့် ဖိအားတွေ မြင့်တက်လာနေမှုနဲ့ ရင်ဆိုင်နေရပြီး အမေရိကန်ဟာ စစ်ရေးအရ အရေးယူ လုပ်ဆောင်မှုကို တရားမျှတကြောင်း အကြောင်းပြဖို့အတွက် မူးယစ်ဆိုင်ရာသတ်မှတ်ချက်ကို အသုံးပြုဖို့ ကြိုးစားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒဏ်ခတ်အရေးယူမှုဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဒီသတ်မှတ်ချက်အတွက် ဥပဒေဟာ အဲ့ဒီလို လုပ်ဆောင်ချက်ကို ခွင့်မပြုထားဘူး လို့ ပြောကြားခဲ့ပါတယ်။
Source:Reuters


