
အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို ယာယီခိုလှုံဖို့ လက်ခံခွင့်ပြုပေးထားတဲ့ ယာယီအကာအကွယ်ပေးတဲ့ အခြေအနေ (TPS) ကို အမေရိကန်က ရုပ်သိမ်းမယ်လို့ ကြေညာလိုက်တဲ့အပေါ် နယူးယောက်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW)က မြန်မာဟာ တကယ်ပဲ လုံခြုံရဲ့လားလို့ မေးခွန်းထုတ် တုံ့ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က အရေးပေါ်အခြေအနေကို ရုပ်သိမ်းပြီး စစ်ကောင်စီကနေ စစ်ကော်မရှင်ကို အာဏာလွှဲပြောင်းလိုက်တာ၊ လာမယ့်နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေတာနဲ့ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား အပစ်ရပ် သဘောတူညီချက် ရတာတွေကြောင့် TPS ကို သက်တမ်းမတိုးတော့တာလို့ နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး ဒီအစီအစဉ်နဲ့ နေထိုင်သူ မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါး ရှိနေတာပါ။
ဒါပေမဲ့ ဒီအဆိုဟာ တခြားသော အမေရိကန်အရာရှိတွေက ပွင့်ပွင့်လင်းလင်း ဝန်ခံထားတာတွေနဲ့ တိုက်ရိုက်ဆန့်ကျင်ဘက် ဖြစ်နေသလို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက “နှစ်ပေါင်းများစွာ… မြန်မာနိုင်ငံက စစ်အုပ်စုဟာ သူ့ရဲ့ နိုင်ငံသားတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့ပြီး… ထိတ်လန့်ဖွယ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အလွဲသုံးစားပြုမှုတွေ အပါအဝင်” ဆိုတဲ့ စာသားတွေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက်အသစ်ကို ထောက်ခံတဲ့ ကြေညာချက်တစောင်မှာ ရေးသားခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အမေရိကန်က ထောက်ခံခဲ့တဲ့ ဒီဆုံးဖြတ်ချက်မှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံဟာ “ဒုက္ခသည်တွေနဲ့ အတင်းအကျပ် ရွှေ့ပြောင်းခံရသူ အားလုံးရဲ့ ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံတဲ့၊ ဂုဏ်သိက္ခာရှိတဲ့၊ ရေရှည်တည်တံ့တဲ့ နေရပ်ပြန်မှုအတွက် မသင့်တော်ဘူး” လို့ တိတိကျကျ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ မှတ်တမ်းတွေအရ ဒီနှစ်ထဲမှာပဲ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး လူပေါင်း ၃ သန်းခွဲကျော်ဟာလည်း ပြည်တွင်း နေရပ်စွန့်ခွာရသူတွေ (IDPs) အဖြစ် ရှင်သန်နေရသလို စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ လျော့ကျသွားခြင်း မရှိဘဲ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေကြောင်း ကုလသမဂ္ဂ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တခြားသော အစိုးရတွေရဲ့ အစီရင်ခံစာတွေမှာ အသေးစိတ် ဖော်ပြထားတယ်လို့လည်း HRW အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့်မို့ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအတွက် TPS ကို ရုပ်သိမ်းရာမှာ အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန (DHS) ရဲ့ မှားယွင်းတဲ့ ဖော်ပြချက်တွေဟာ အလွန် ဆိုးရွားလွန်းတာကြောင့် ဘယ်သူက ယုံကြည်မလဲဆိုတာ မြင်ယောင်ကြည့်ဖို့ ခက်ခဲပြီးတော့ ဘယ်သူမှ မမျှော်လင့်ထားလောက်ဘူးလို့လည်း ပြောလိုက်တာပါ။
လက်ရှိမှာတော့ ဒီဆုံးဖြတ်ချက်ဟာ ဇန်နဝါရီ ၂၆ ရက်က စတင်အကျိုးသက်ရောက်မှာဖြစ်ပြီး TPS ရထားသူတွေဟာ ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ HRW အဖွဲ့က ထုတ်ပြန်ထားပါတယ်။
TPS ဆိုတာဟာ လက်နက်ကိုင်ပဋိပက္ခ ဒါမှမဟုတ် တခြားအကျပ်အတည်းတွေကြောင့် နေရပ်ပြန်ဖို့ မလုံခြုံတဲ့နိုင်ငံတွေက လာတဲ့ အမေရိကန်နိုင်ငံသား မဟုတ်သူတွေကို နေရပ် ပြန်ပို့ခြင်းကနေ အကာအကွယ်ပေးတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။
Source: HRW


