
တနင်္သာရီတိုင်း၊ မြိတ်မြို့မအားကစားဘောလုံးကွင်း မျက်နှာစာမှာရှိတဲ့ ဈေးဆိုင်ခန်း ၃၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ မြိတ်ခရိုင်အားကစားဦးစီးဌာနက နိုဝင်ဘာ ၃၀ ရက်အထိ နောက်ဆုံးထားပြီး အပြီးဖယ်ရှားခိုင်းနေတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။
အဲဒီဆိုင်ခန်း မြေနေရာကို မြိတ်ခရိုင်အားကစားဦးစီးဌာနက နှစ် ၃၀ စာချုပ်နဲ့ ငှားရမ်းထားတာဖြစ်ပြီး စာချုပ်သက်တမ်း နှစ်ပြည့်ဖို့ ၃ နှစ်နဲ့ ၅ နှစ် ကျန်ရှိနေသလို တချို့ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ စစ်အာဏာမသိမ်းခင် လပိုင်းအလိုက ဝယ်ထားသူတွေလည်း ရှိတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။
ဆိုင်ခန်းပိုင်ရှင်တယောက်က “ကျနော်တို့က စာချုပ်သက်တမ်းနှစ်ပြည့်ရင် ရွှေ့ပေးရမှာပဲ။ အခုက နှစ်မပြည့်ခင် ဖယ်ခိုင်းတယ်။ ဖယ်ခိုင်းရာမှာလည်း နစ်နာကြေးကိစ္စနဲ့ပတ်သက်ပြီး ပြောတာမရှိဘူး” လို့ ပြောပါတယ်။
ဆိုင်ခန်းပိုင်ရှင်တွေက တခြားစီးပွားရေးလုပ်မယ့်သူတွေဆီ ဆိုင်ခန်းတခန်း တလ ကျပ် ၄ သိန်းဝန်းကျင်နဲ့ ပြန်လည်ငှားချထားတယ်လို့ သိရပါတယ်။
အဆိုပါဆိုင်ခန်းမှာ ဈေးရောင်းနေသူတယောက်က “ကျမတို့က အဓိကလမ်းမကြီးလို နေရာမျိုးမှာ ထပ်ရဖို့က မသေချာဘူးလေ။ တနေရာနဲ့ တနေရာပြောင်းဖို့ကလည်း မလွယ်ဘူး။ တချို့ကလည်း ဒီမှာ အပြီးဝယ်ပြီးနေတဲ့ မိသားစုတွေလည်း ရှိတယ်။ စာချုပ်မပြည့်ခင် ရွှေ့ပေးရမယ်ဆိုတော့ ဆိုင်ခန်းတိုင်းက သူ့အခက်အခဲနဲ့သူ ကိုယ်စီပါပဲ”လို့ ပြောပါတယ်။
အဆိုပါဆိုင်ခန်းနေရာကို ဖြိုချပြီး မြို့မအားကစားကွင်းကို တိုးချဲ့ပြုလုပ်သွားမယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။
၂၀၂၂ တုန်းကလည်း အဆိုပါဆိုင်ခန်းတွေကို ၃ လအတွင်း ဖယ်ရှားပေးဖို့ စစ်ကောင်စီ လက်အောက်ခံ တိုင်းအစိုးရအဖွဲ့က ဆိုင်ခန်းပိုင်ရှင်တွေကို ခေါ်ယူပြီး အတင်းလက်မှတ်ထိုး ဖိအားပေးခဲ့ဖူးတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။
အခုလက်ရှိမှာတော့ ဆိုင်ခန်းပေါင်း ၃၁ ခန်းရှိပြီး အလှပြင်ဆိုင်၊ အထည်ဆိုင်၊ လေယာဥ်နဲ့ ကားလက်မှတ်အရောင်းဆိုင်၊ အစားအသောက်ဆိုင်တွေနဲ့ ဆိုင်ကယ်အပိုပစ္စည်းရောင်းတဲ့ ဆိုင်တွေ ရှိပါတယ်။


