
မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်ထဲမှာ စစ်ကောင်စီ စစ်မှုထမ်း တပ်သားသစ် ၄ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာ ၂၃ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
မြိုင်နဲ့ပေါက်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ ကပစ ၂၄ စစ်ကောင်စီ စစ်ကြောင်းကနေ စစ်မှုထမ်းအပတ်စဥ် ၁၁ ဆင်း တပ်သားအောင်မိုး၊ အပတ်စဥ် ၁၂ ဆင်း တပ်သားသန့်ဇင် နဲ့ တပ်သားတင်ထွန်းတို့ဟာ MA1 သေနတ် ၃ လက်၊ ကျည်ဘောက် ၃ ခုနဲ့ ကျည် ၈၇ တောင့်တို့နဲ့အတူ မြိုင် ပကဖ နဲ့ ပေါက် ပကဖ တို့ဆီကို နိုဝင်ဘာ ၂၃ ရက်နေ့ မနက်မှာ အလင်းဝင်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် ခန့်မှန်းအင်အား ၃၀၀ လောက်နဲ မြိုင် စက်မှု ၂ ထဲကနေ ပေါက်နဲ့မြိုင်အစပ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းထဲက တပ်သားသစ်တယောက်လည်း အလင်းဝင်လာတယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
အလင်းဝင်ရောက်လာသူဟာ အသက် ၂၆ နှစ်အရွယ် တပ်သား ပြည့်စုံဟိန်း၊ ကိုယ်ပိုင်အမှတ် ပစ-၁၇၁၁၁၃ ဖြစ်ပြီး MA1 သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည်အတောင့်ရေ ၄၂၀၊ ၄၀ မမဗုံးသီး ၆ လုံး၊ MA1 ကျည်ဘောက် ၇ ခု၊ အီနာဂါဗုံးသီး ၂ လုံးနဲ့ လက်ပစ်ဗုံး ၂ လုံးတို့ ယူဆောင်လာခဲ့တာလို့ ဆိုပါတယ်။
အညာမြေတပ်ပေါင်းစုရဲ့ တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က “အခုအလင်းဝင်လာတဲ့ ပြည့်စုံဟိန်းက ဇာတိကတော့ ကျောက်ဆည်မြို့နယ်ထဲကပါ။ စစ်သင်တန်းအပတ်စဥ် ၁၅ ကနေဆင်းလာပြီး တပ်မ ၉၉ လက်အောက်ခံ ခလရ ၄၁၈ ထဲကနေ မြိုင်ဘက်ကို အပို့ခံလိုက်ရတဲ့သူပါ။ သူ့ကို စစ်ဆေးတာတွေ ဆောင်ရွက်တဲ့အခါမှာ ဝန်ခံဖြောင့်ချက်ပေးထားတဲ့ စစ်ဆေးပေါ်ပေါက်ချက်တွေထဲမှာ စစ်ရေးအရ အရေးပါတဲ့အချက်အလက်တွေ အများကြီးပါတယ်” လို့ DVB ကို ပြောပါတယ်။
အလင်းဝင်ရောက်လာသူတွေကို ဂျနီဗာကွန်ဗန်းရှင်းဥပဒေနဲ့အညီ ကောင်းမွန်စွာ စောင့်ရှောက်ပေးထားသလို ဆုကြေးငွေချီးမြှင့်ဖို့ကိုလည်း ဆက်လက်ဆောင်ရွက်နေပြီး မြိုင် နဲ့ ပေါက်မြို့နယ်တွေထဲက စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့လည်း အညာမြေတပ်ပေါင်းစုနဲ့ အမြန်ဆုံးချိတ်ဆက်ကာ အလင်းဝင်ရောက်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။


