Home
မြန်မာသတင်း
ကားအစီး ၁၀၀ ခန့်ဖြင့် မိုးကုတ်ကို စစ်ကောင်စီ ဝင်ရောက်
DVB
·
November 29, 2025

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က လက်လွှတ်ဖို့ သဘောတူထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ထဲကို နိုဝင်ဘာ ၂၈ ရက်ညမှာ ကားအစီး ၁၀၀ ဝန်းကျင် အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးရဲ့ တာဝန်ရှိသူ ကိုအော်စမွန်က DVB ကို အတည်ပြုပါတယ်။ 

TNLA ထိန်းချုပ်ထားတဲ့ ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-မိုးကုတ်လမ်းအတိုင်း ဝင်လာတာဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ သတင်းအချက်အလက်ရယူဖို့တောင် မလွယ်တဲ့ အခြေအနေဖြစ်ပါတယ်။ 

မိုးကုတ်မြို့ကို လက်လွှတ်မယ်လို့ TNLA က အောက်တိုဘာ ၂၉ ရက်မှာ ကြေညာခဲ့ပြီးနောက်ပိုင်း ဒေသကာကွယ်ရေးအဖွဲ့တွေကို သူတို့သတ်မှတ်ထားတဲ့ စခန်းကုန်းတွေမှာပဲ အခြေချခွင့်ပြုထားတာပါ။ 

လတ်တလောမှာ ဒေသကာကွယ်ရေးအဖွဲ့တွေဟာ မြို့ပတ်ချာလည်မှာရှိနေဆဲဖြစ်ပြီး ဒီအခြေအနေအပေါ်မှာ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက ပြောပါတယ်။

“အထဲကလည်းသူက အဆက်အသွယ်အကုန်ဖြတ်ထားတာ။ Star Link တွေဘာတွေ အကုန်ဖြတ်ထားတယ်၊ ကျနော်တို့ မနေ့ညနေက သိရသလောက်ဆိုရင်တော့ ကားအစီး ၁၀၀ လောက် ရှိတယ်တဲ့။ မနေ့က ညတွင်းချင်းတောင် ရောက်ချင်ရောက်မှာ သူတို့၊ ဘာမှ အတားအဆီးမှမရှိတာ။ ဘာယူနီဖောင်းမှလည်းမပြောင်းဘူး ဒီအတိုင်းပဲလာကြတယ်ပြောတယ်။ ရောက်လောက်ပြီပေ့ါ။ ကျနော်ထင်ပါတယ်၊ လေးငါးရာ လောက်တော့ ရှိမှာနေမှာပါ။ အင်အားအလုံးအရင်း နဲ့ ဝင်လာတယ်လို့ မနေ့ညနေက ကျနော်သိရတာပေါ့။ ဒီနေ့တော့ ဘာမှမသိရဘူး။ ဘာလို့ဆို အထဲကလည်း အဆက်အသွယ်ပြတ်သွားပြီလေ။ သူတို့က ခန့်မှန်းခြေ ၂ နာရီလောက် (ညနေ) စထွက်တယ်ထင်တယ်။ ကျနော်နဲ့တယောက်က အဆက်အသွယ်ရတဲ့အချိန်၊ ပြောပြီး သူလည်း တောက်လျှောက်အဆက်အသွယ်ပြတ်သွားတာ။ ရှမ်းလမ်းဆုံ အဲဒီနားကနေမှ သူတို့စုဖွဲ့တယ်၊ စုဖွဲ့ပြီးတော့ ဂိတ်ဖွင့်၊ ပြီးတော့ အဲဒီလမ်းကြောင်းအတိုင်းလာတယ်။ ပဇီတို့၊ တာဘိုင်တို့ ပြင်ဦးလွင်-မိုးကုတ်လမ်း၊ အဲလမ်းပိုင်းကနေလာတယ်လို့ သိရတယ်။ ကားအစီး ၁၀၀ ကျော်ဆိုတာ ဘယ်လိုကားတွေလဲတော့ မသိဘူးပေါ့နော်။ TNLA ကတော့ တောက်လျှောက် မြို့ထဲမှာလည်း လမ်းတွေပိတ်တာအထိ လုပ်ထားတယ်လေ။ မြို့ထဲကလူတွေပါ အသွားအလာ ကန့်သတ်၊ ပိတ်တာတွေတော့ရှိတယ်။”

မိုးကုတ်မြို့မှာ TNLA က ဆက်ဆံရေးရုံး ဆက်ဖွင့်ထားမှာဖြစ်ပြီး ကျောက်မျက် လုပ်ကွက်တွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာ တခြားတိုင်းရင်းသားအစုအဖွဲ့တွေလည်းရှိနေပြီး ကျောက်တွင်းလုပ်ငန်းတွေ ဆက်လည်ပတ်နေမှာဖြစ်ပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ မိုးထက်နေက “ကျနော့်အမြင်တော့ မိုးကုတ်ရယ်မဟုတ်ပါဘူး။ စစ်ရဲ့သဘောကတော့ဗျာ အပြီးသတ်မနိုင်ခင်တော့ ဒီနယ်မြေတွေက သိမ်းလိုက် လက်လွှတ်လိုက်ရဆိုတဲ့ ကိစ္စမျိုးတွေတော့ ဖြစ်နေမှာပေါ့လေ။ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ စစ်တပ်က အရင်းအမြစ်အကုန်လုံးကို အပိုင်သိမ်းထားပြီးတော့ လေကြောင်းထိုးတွေဘာတွေ တောက်လျှောက်လုပ်နိုင်တာမျိုးဖြစ်တာကိုး။ နောက်ထပ်တခုက စားနပ်ရိက္ခာ ဆေးဝါး ရရှိမှုကြတော့လည်း ကျနော်တို့အလယ်ပိုင်းဒေသတွေကျတော့ ပြည်တွင်းကုန်သွယ်ရေးကိုပဲ အားကိုးရတဲ့အခါကျတော့ စားရေရိက္ခာနဲ့ပတ်သက်လို့လည်း ပြဿနာတွေရှိတာပေါ့။ မတန်တဆ ဈေးတွေပေးရတာ၊ စစ်တပ်က ပိတ်ဆို့လို့လွယ်တာ ဆိုတာတွေ ရှိတာပေါ့ဗျာ။ နောက်တခုက တရုတ်ရဲ့ဘက်လိုက်တဲ့ကိစ္စ၊ အဲဒီဖိအားကလည်း ကျနော်တို့က ပြဿနာရှိတယ်လေ” လို့ ပြောပါတယ်။

မိုးကုတ်မြို့ကနေ သူတို့ထွက်ခွာမယ့်ရက်တွေမှာ ကျည်လုံးဝ မဖောက်ဖို့ ဒေသတော်လှန်ရေးအင်အားစုတွေကို TNLA က တားမြစ်ထားပါတယ်။ 

မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ TNLA နဲ့ မဟာမိတ်တွေက သိမ်းယူခဲ့တာဖြစ်ပြီး တနှစ်ကျော်အကြာမှာ တရုတ်အစိုးရရဲ့ကြားဝင်ဖိအားပေးမှုကြောင့် ပြန်လည်လက်လွှတ်ရမယ့် အခြေအနေဖြစ်လာခဲ့တာပါ။ 

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူကို DVB က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ လက်ရှိအချိန်အထိ ပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013