Home
အနုပညာ
ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် အုန်းဒိုင်းတို့ကို ထောင်ဒဏ် ၇ နှစ်ချမှတ်
DVB
·
November 30, 2025

စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားကို ဝေဖန်ခဲ့လို့ဆိုပြီး ဖမ်းဆီးခံခဲ့ရတဲ့ ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်း တို့ကို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

DVB ရဲ့ သတင်းရင်းမြစ်တယောက်က “သူတို့ကို ရုံးချိန်းတချိန်းတည်းနဲ့ ပြစ်ဒဏ်ချလိုက်တာ။ တရားဥပဒေအရ ခုခံပိုင်ခွင့်နဲ့ ရှေ့နေတွေ ငှားပိုင်ခွင့်တောင်မရဘူး” လို့ ပြောပါတယ်။

ဟာသသရုပ်ဆောင် အုန်းဒိုင်းကို နိုဝင်ဘာ ၂၅ ရက်နေ့က တောင်ဒဂုံတရားရုံးမှာ၊ ဒါရိုက်တာ မိုက်တီးကို နိုဝင်ဘာ ၂၇ ရက်နေ့က ရန်ကင်းတရားရုံးမှာ ရုံးထုတ်ခဲ့သလို သရုပ်ဆောင် ကျော်ဝင်းထွဋ် ကိုတော့ နိုဝင်ဘာ ၂၈ ရက်နေ့က ဗဟန်းတရားရုံးမှာ ရုံးထုတ်ခဲ့တာလို့ သိရပါတယ်။

သူတို့ရဲ့ ပထမဆုံး ရုံးချိန်းမှာပဲ စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ ဥပဒေထဲက ပုဒ်မ ၂၃ (က) နဲ့ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

DVB ရဲ့ သတင်းရင်းမြစ်က “အမိန့်ချဖို့ကိုတောင် ခရိုင်တရားသူကြီးက အထက်ကဖုန်းကို စောင့်နေရတာ။ ဖုန်းရပြီးတော့ စီရင်ချက်ချတာ” လို့ ပြောပါတယ်။

‘ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ’ ဆိုတဲ့ စစ်ကောင်စီ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းနဲ့ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတွေကို အောက်တိုဘာ ၂၇ ရက်က လူမှုကွန်ရက်မှာ ဝေဖန်ရေးသားတာကြောင့်ဆိုပြီး သူတို့ကို နေအိမ်တွေကနေ ဖမ်းဆီးခဲ့တာလို့ အာဏာသိမ်း စစ်အုပ်စုက အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ဇာတ်ကားမှာ ပါဝင်ခဲ့သူတွေကို ဖေ့စ်ဘွတ်ခ်မှာ ဝေဖန်ခဲ့တာကြောင့် သူတို့ကိုဖမ်းဆီးဖို့ စစ်တပ်ထောက်ခံသူတွေက လှုံ့ဆော်ပြီးနောက်ပိုင်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ဝေဖန်ရေးသားတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေကို Like ပေးတာတွေ လုပ်ခဲ့လို့ဆိုပြီး ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်နဲ့ ဒါရိုက်တာ အောင်ချမ်းလူ တို့ကိုလည်း ဖမ်းဆီးထားပြီး ပုဒ်မ ၂၃ (က) နဲ့ အမှုဖွင့်ထားတာလည်း ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ သတင်းအချက်အလက်တွေအရ နိုဝင်ဘာ ၂၉ ရက်နေ့အထိ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေနဲ့ ဖမ်းဆီးခံထားရသူ ၈၇ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ သူတို့လုပ်မယ့်ရွေးကောက်ပွဲကို ကာကွယ်ဖို့ ဥပဒေထုတ်ပြီးနောက်ပိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးအကူနဲ့ ဆိုင်ကယ်တိုက်မိပြီး လက်သီးနဲ့ထိုးခဲ့သူ၊ ဖေ့စ်ဘွတ်ခ်မှာ ဝေဖန်တဲ့သူ၊ အကြောင်းအမျိုးမျိုးနဲ့ မဲဆွယ်ဆိုင်းဘုတ်ပျက်စီးစေခဲ့သူတွေကိုလည်း ဖမ်းဆီးထောင်ချနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013