
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်း ၂၅ ဖွဲ့က ဆန့်ကျင်ရှုတ်ချကြောင်း ဒီဇင်ဘာ ၁ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ ကော်သူးလေနယ်မြေအတွင်းက ပြည်သူ့နေအိမ်၊ ကျောင်း၊ ဆေးရုံနဲ့ ဝတ်ပြုရာ နေရာတွေ အပါအဝင် ပြည်သူလူထုကို ပစ်မှတ်ထားကာ လေယာဉ်၊ အဆင့်မြင့် ဒရုန်းတွေကို အသုံးပြုပြီး နေ့စဉ်ဆိုသလို ဗုံးကြဲနေတဲ့အတွက် ပြည်သူ့နေအိမ် အဆောက်အအုံတွေ နေ့စဉ်နီးပါး ပျက်စီးနေပါတယ်။
ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခြေအနေကို မြင်တွေ့နေပါလျက် တချို့သော ကရင်လက်နက်ကိုင်အဖွဲ့အစည်း၊ ပါတီတွေဟာ ကရင်လူထုနဲ့ မြန်မာပြည်သူတွေအကျိုးကို မကြည့်ဘဲ လူသတ်အဖွဲ့အစည်းကို တရားဝင်အခွင့်အလမ်းပေးမယ့် အတုအယောင် ရွေးကောက်ပွဲအား ထောက်ခံနေကြတဲ့အပေါ် ကမ္ဘာ့နိုင်ငံအသီးသီးက ကရင်အဖွဲ့အစည်းတွေ အနေနဲ့ စိတ်ပျက်မိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အခါ စစ်ကောင်စီဟာ တရားဝင်မှုရရှိပြီး မြန်မာ့နိုင်ငံရေး ပဠိပက္ခလည်း အဓွန့်ရှည်သွားမှာဖြစ်သလို စစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုလည်း အရေးယူ ဆောင်ရွက်နိုင်မှု ပျက်ပြားသွားစေနိုင်ပါတယ်။
ဒါကြောင့် စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် အတုယောင်ရွေးကောက်ပွဲကို ကရင်လူမျိုးတွေ အပါအဝင် တိုင်းရင်းသားလူမျိုးတွေအားလုံး အတူတကွ ဆန့်ကျင်ရှုတ်ချဖို့ အရေးကြီးတယ်လို့ တိုက်တွန်းထားပါတယ်။
နိုင်ငံတကာသံတမန်တွေ အနေနဲ့လည်း အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့နဲ့ အပြင်းအထန် ဆန့်ကျင်ကြောင်း ပြသကြဖို့ တိုက်တွန်းထားပါတယ်။


