Home
မြန်မာသတင်း
စစ်ကောင်စီက နိုင်ငံရေးပရိယာယ်ဖြင့် နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးခြင်းဖြစ်နိုင်ဟု သုံးသပ်
DVB
·
December 2, 2025

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးနေတာဟာ ရွေးကောက်ပွဲ နီးလာချိန် နိုင်ငံတကာမှာ အမြင်လှဖို့နဲ့ နိုင်ငံရေးပရိယာယ်တွေ ပါဝင်ကြောင်း ဥပဒေပညာရှင်တွေနဲ့ နိုင်ကျဉ်းအရေး ကူညီနေသူတွေက ပြောပါတယ်။

ပြန်လွတ်လာသူအများစုက လွတ်ရက်နီးတဲ့ နိုင်ကျဉ်းတွေဖြစ်ပြီး လက်နက်ဥပဒေအရ အရေးယူခံထားရသူတွေ နည်းပါးကြောင်း နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေတဲ့ ဥပဒေပညာရှင်တယောက်က ပြောပါတယ်။

“အခုလွှတ်တဲ့ထဲမှာ ၅၀၅ လည်း ထပ်ပါသလို ပေါက်ကွဲလည်း ပါတယ်လို့ ပြောတယ်။ လူကတော့ နည်းတာပေါ့နော်။ အဓိက ဒိုက်ဦးထောင်နဲ့ သာယာဝတီထောင်လို့ ပြောတယ်။ ထောင်ကနေ အကျဉ်းသားတွေ လွှတ်ပေးတယ်ပဲ ပြောတာ၊ ဘယ်လိုလူတွေ လွှတ်ပေးတယ်လို့ မထုတ်ပြန်ဘဲ အကျဉ်းသားတွေ လွှတ်တယ်။ သူတို့က အဲဒီလူတွေပဲ ရွေးလွှတ်တာ၊ ပေါက်ကွဲနဲ့ပတ်သက်တာတော့ အရမ်းနည်းတယ်။ ဒီလိုလွှတ်တယ်ဆိုတဲ့အထဲမှာလည်း နိုင်ငံရေးပရိယာယ်တွေ အများကြီးပါတယ်လို့ ယူဆရတယ်။”

အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးဖို့ စစ်မှုထမ်းအတွက် လူငယ်တွေကို ခံဝန်ထိုးပြီး စစ်မှုထမ်းဆောင်စေဖို့အတွက် လုပ်ဆောင်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

နိုဝင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ နိုင်ငံရေးအကျဉ်းသား ၃၅၀ လွတ်မြောက်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှာတော့ နိုင်ငံရေးအကျဥ်းသား  ၂၆၈ ယောက် လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ရဲ့ ကနဦး ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

PPNM ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက “မန္တလေး အိုးဘို၊ သရက်၊ မကွေး စတဲ့ထောင်တွေနဲ့ တခြားထောင်တွေကလည်း လွှတ်နေတာရှိပါတယ်။ ကျနော်တို့ထင်တာကတော့ အထူးသဖြင့် ၅၀၅-က ဖြုတ်ပေးတဲ့အခါ သူတို့ မူလအကျဉ်းထောင်မှာ နေခဲ့တာကို နေ့စားအားဖြင့် ကာလတခု ပြည့်မီတဲ့သူတွေကို လွှတ်ပေးနေတာကို ကျနော် တွေ့မြင်ရပါတယ်” လို့ ပြောပါတယ်။

လက်ရှိ လွတ်မြောက်လာသူတွေထဲ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က တွေအပြင် လက်နက်ဥပဒေအရ အရေးယူခံထားရသူတွေ အပါအဝင် ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းများ အက်ဥပဒေအရ အရေးယူခံထားရသူတွေလည်း ပါဝင်ကြောင်း သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေသူတယောက်က “ကျနော်တို့ သိသလောက်က ၅၀၅ အပြင်ကိုမှ ၅၀-ည တချို့လည်း ပါလာတယ်။ လက်နက်နဲ့မိတဲ့ အမှုပေါ့။ မတရားသတ်မှတ်ထားတဲ့ အမှုပေါ့။ အဲဒီအမှုမှာ ပေါက်ကွဲနိုင်ပစ္စည်းသမားတွေလည်း ပါလာတယ်။ တချို့က ၁၈ နှစ်၊ တချို့က ၁၃ နှစ် အဲဒီလိုလူတွေ ပါလာတာပေါ့။ အများကြီးတော့ မပါဘူးလို့ ကျနော်ကတော့ ထင်တယ်။ လွှတ်ပေးတဲ့ကိစ္စမှာတောင် နိုင်ငံတကာအမြင်ပြောင်းဖို့က အကြောင်းတချက်၊ နောက်တခုက အဲဒီလူတွေကို အထဲမှာ ခံဝန်အနေနဲ့ ဘာတွေထိုးခိုင်းခဲ့လဲ၊ ဒါတွေလည်း မေးစရာရှိမယ် ထင်တယ်။ သူတို့ လွှတ်ပေးတဲ့ပုံစံက လွှတ်သာလွှတ်ပေးတယ်၊ ရိုးရှင်းတဲ့ပုံစံမရှိဘူး၊ တခြား အကြံအစည်တခုခု ရှိနေသလိုပုံစံမျိုးပေါ့” လို့ ပြောပါတယ်။

အခုတခေါက် လွတ်မြောက်လာသူတွေထဲ သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ ဘီဘီစီ မီဒီယာအက်ရှင် (BBC- Media Action) ရဲ့ “ခံစားကြည့်” အစီအစဉ်က မထက်ထက်ခိုင်၊ အဆိုတော် သံသာဝင်းနဲ့ ၂၀၁၉ မြန်မာတနိုင်ငံလုံး တက္ကသိုလ်ဝင်တန်းပထမဆု (The Whole Burma First) ရရှိထားတဲ့ မောင်ကျော်လင်းသန်းတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ကြေညာထားချက်အရ တရားစွဲခံထားရဆဲဖြစ်သူ အယောက် ၅,၅၈၀ ကို အမှုပိတ်သိမ်းပေးလိုက်ပြီး ထောင်ဒဏ်ကျခံနေရသူ ၂,၃၆၁ ယောက်ကို ၅၀၅-က အတွက် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ခံဝန်နဲ့ လျှော့ပေါ့ပေးလိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၅၀၅-က အမှုတခုတည်းနဲ့ ထောင်ဒဏ်ကျခံနေရသူ ၇၂၄ ယောက်ကိုတော့ ခံဝန်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာလို့ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013