
မော်စကိုနဲ့ ဆွေးနွေးပွဲအပြီးမှာ ယူကရိန်းနဲ့ အမေရိကန် တာဝန်ရှိသူတွေ ဖလော်ရီဒါမှာ တွေ့ဆုံဖို့ရှိတယ်လို့ အိမ်ဖြူတော်က ထုတ်ဖော်ပြောပါတယ်။
အမေရိကန် အထူးသံတမန် စတိဗ်ဝတ်ကော့နဲ့ ယူကရိန်း အမျိုးသားလုံခြုံရေးကောင်စီအကြီးအကဲ အူမီရော့ဗ်တို့ မီယာမီမှာ တွေ့ဆုံမယ်လို့ အိမ်ဖြူတော်က အတည်ပြုပါတယ်။
ဝတ်ကော့ဟာ ရုရှားသမ္မတပူတင်နဲ့ ၅ နာရီနီးပါး တွေ့ဆုံခဲ့ပြီးနောက် ယူကရိန်းနဲ့ တွေ့ဖို့ စီစဉ်ထားတာဖြစ်ပြီး ရုရှားအစိုးရကတော့ ယူကရိန်းအရေး ဆွေးနွေးမှုမပြီးသေးဘူးလို့ ပြောထားပါတယ်။
အမေရိကန်သမ္မတ ထရမ့်ပ်ကတော့ ဒီတွေ့ဆုံပွဲက အတော်အသင့်ကောင်းတဲ့ တွေ့ဆုံမှုလို့ ဆိုထားပြီး ဘာတွေ ဆွေးနွေးခဲ့လဲဆိုတာတော့ ပြောဖို့ စောလွန်း သေးတယ်လို့ ဆိုပါတယ်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးကတော့ ပူတင်က ကမ္ဘာ့ကြီးရဲ့ အချိန်တွေကို ဖြုန်းနေတာဖြစ်ပြီး လူသတ်မှုတွေ အဆုံးသတ်ရမှာဖြစ်ကြောင်း ပြောထားပါတယ်။
သတင်းထောက်ရဲ့ မေးမြန်းမှုကို ထရမ့်ပ်က ပူတင်ဟာ စစ်ပွဲကို အဆုံးသတ်ဖို့ ဆန္ဒရှိကြောင်းနဲ့ ဒါက ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူတွေရဲ့ အမြင်ဖြစ်တယ်” လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးအစီအစဉ်က ရုရှားကို အသာရစေတဲ့ အချက်တွေအတွက် စိုးရိမ်မှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် အမေရိကန်ဟာ ယူကရိန်း၊ ဥရောပခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးနောက် ရုရှားနဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
နေတိုးအဖွဲ့ထဲကို ယူကရိန်း ဝင်ရောက်မဲ့ အလားအလာဟာ ဗုဒ္ဓဟူးနေ့ ငြိမ်းချမ်းရေးဆွေးနွေးမှုရဲ့ အဓိက မေးခွန်းဖြစ်တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။
ဥရောပကော်မရှင်ကတော့ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ယူကရိန်းရဲ့ ဘဏ္ဍာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ မရွှေ့ပြောင်းနိုင်တဲ့ ရုရှား ဗဟိုဘဏ်ပိုင်ဆိုင်မှုတွေကို ချေးယူတာနဲ့ အသုံးပြုတာနဲ့ ပတ်သက်တဲ့ အဆိုပြုချက်ကို ဒီဇင်ဘာ ၃ ရက်မှာ တင်ပြခဲ့ပါတယ်။
ဥပဒေဆိုင်ရာ အဆိုပြုချက်တွေထဲမှာ အများအားဖြင့် ဘယ်လ်ဂျီယံနိုင်ငံမှာ ပိုင်ဆိုင်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေအပေါ် အခြေခံပြီး လျော်ကြေးချေးငွေယူတာနဲ့ မရွှေ့ပြောင်းနိုင်တဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို ရုရှားဆီ ပြန်မလွှဲပေးရေး တားမြစ်ချက်တို့ ပါတယ်လို့ EU အမှုဆောင်အရာရှိက ပြောပါတယ်။
အဆိုပြုချက်တွေထဲမှာ ဖြစ်နိုင်ခြေရှိတဲ့ လက်စားချေမှုအစီအမံတွေကနေ EU အဖွဲ့ဝင်တွေနဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေကို ကာကွယ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ လျော်ကြေးချေးငွေအတွက် အကာအကွယ်တွေ၊ ယူကရိန်းအတွက် ချေးငွေကို အထောက်အပံ့ပေးဖို့ EU ဘတ်ဂျက်ကို အသုံးပြုရေး ခွင့်ပြုဖို့ အဆိုပြုထားတဲ့ ပြင်ဆင်ချက်တို့လည်း ပါပါတယ်။
ဘယ်လ်ဂျီယံအစိုးရကတော့ ထိန်းသိမ်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကိုသုံးဖို့ EU ရဲ့ အဆိုပြုချက်ကို ဝေဖန်ခဲ့ပါတယ်။
အဆိုပြုချက်ဟာ ဘယ်လ်ဂျီယံအစိုးရရဲ့ စိုးရိမ်ပူပန်မှုနီးပါးအားလုံးကို ထည့်သွင်းစဉ်းစားထားပြီး အဖွဲ့ဝင်နိုင်ငံတွေကို ကာကွယ်ဖို့နဲ့ အန္တရာယ်တွေကို လျှော့ချဖို့ ခိုင်မာတဲ့အကာအကွယ်တွေ ထားထားတယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဗွန်ဒါလေယန်က EU ရဲ့ ယူကရိန်းအပေါ် ရေရှည်ကတိကဝတ်ကို အလေးပေးပြောခဲ့ပြီး ဒီအထောက်အပံ့ဟာ ယူကရိန်းလူမျိုးတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အင်အားကြီးတဲ့ အနေအထားကနေ ဦးဆောင်ဖို့ ပြင်ဆင်ပေးလိမ့်မယ်လို့ ပြောပါတယ်။
ဗွန်ဒါလေယန်က “ယူကရိန်းပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ကျမတို့ ဘယ်တော့မှ မယှဉ်နိုင်ဘူးဆိုတာ ကျမတို့အားလုံး သိပါတယ်။ ဒါပေမဲ့ ကျမတို့ ယှဉ်နိုင်တာက သူတို့ရဲ့ ခံနိုင်ရည်၊ သူတို့ရဲ့ စိတ်ပိုင်းဖြတ်မှု၊ သူတို့ရဲ့ ရပ်တည်နိုင်စွမ်းပါပဲ” လို့ ပြောပါတယ်။
ပူတင်ရဲ့ ရန်လိုမှုအတွက် စစ်ပွဲကုန်ကျစရိတ်တွေကို တိုးမြှင့်ရမယ်လို့လည်း သူက ထပ်ပြောပါတယ်။
ပါဝင်ပတ်သက်တဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် ခိုင်မာတဲ့ အကာအကွယ်ကို သေချာအောင် လုပ်ခြင်းအားဖြင့်ကော်မရှင်ရဲ့ အဆိုပြုချက်ကို EU အဖွဲ့ဝင်နိုင်ငံတွေက ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒီအတောအတွင်း ရုရှားတပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၃ ရက် တရက်တည်းမှာပဲ ယူကရိန်းအရှေ့ပိုင်းမြို့ စလိုဗီယန့်စ်ခ်ကို လေကြောင်းဗုံး ၉ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်မှာ မြို့မှာ ထိမှန်ပျက်စီးမှု များပြားခဲ့ပြီး ကလေး ၂ ယောက်အပါအဝင် လူ ၈ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဗုံးတလုံးဟာ လူနေအဆောက်အအုံတလုံးကို ထိမှန်ခဲ့ပြီး အစိတ်အပိုင်းတခုက ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပါတယ်။
ပြိုကျသွားတဲ့ အဆောက်အအုံမှ မီးခိုးတွေ ထွက်လာခဲ့ပြီး အရေးပေါ်အဖွဲ့တွေဟာ အပျက်အစီးတွေကို ရှင်းလင်းဖို့နဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ညလုံးပေါက် လုပ်ဆောင်ခဲ့ကြပါတယ်။
ပေါက်ကွဲမှုကြောင့် ပြတင်းပေါက်တွေနဲ့ တံခါးတွေ ကွဲထွက်သွားချိန်မှာ ဖန်ကွဲစတွေ လွင့်စဉ်ထိမှန်ခံခဲ့ရကြောင်း မျက်နှာကို ထိခိုက်သွားရတဲ့ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတယောက်က ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဗာဒင်းမ်ဖီလက်ရှ်ကင်န်က အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ တိုက်တွန်းခဲ့ပြီး ဒွန်နက်စ်ခ်ဒေသမှာ ဘေးကင်းတဲ့နေရာတွေ မရှိတော့ကြောင်း တယ်လီဂရမ်မှာ သတိပေးခဲ့ပါတယ်။
Source: Reuters


