
ရုရှားစွမ်းအင်အပေါ် မှီခိုမှုကို အဆုံးသတ်ဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအနေနဲ့ ၂၀၂၇ ခုနှစ်မှာ ရုရှားဓာတ်ငွေ့တင်သွင်းမှုကို အဆင့်လိုက်လျှော့ချဖို့ ဥရောပလွှတ်တော်နဲ့ သဘောတူညီချက် ရခဲ့တယ်လို့ ဥရောပကောင်စီက ဒီဇင်ဘာ ၃ ရက်မှာ ပြောခဲ့ပါတယ်။
ဒါဟာ ခေတ်သစ်တခု အစပြုတာပဲ၊ ဥရောပက ရုရှားဆီက စွမ်းအင်အပေါ် မှီခိုမှုကနေ အပြည့်အဝ လွတ်လပ်ရေးရတဲ့ခေတ်ပဲလို့ EU ကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်က EU ရုံးချုပ်မှာ ကြေညာချက်တစောင် ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
သဘောတူညီချက်ထဲမှာ ရုရှားဆီက သဘာဝဓာတ်ငွေ့ရည် (LNG) နဲ့ ပိုက်လိုင်းဓာတ်ငွေ့ တင်သွင်းမှုတွေကို တရားဝင်စည်းနှောင်ထားတဲ့၊ အဆင့်ဆင့်တားမြစ်ချက်တခု ပါမှာဖြစ်ပြီး ၂၀၂၆ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၇ ခုနှစ် ဆောင်းဦးရာသီတို့မှာ ရုရှားဆီက တင်သွင်းမှုကို အပြည့်အဝ ပိတ်ပင်မှာ ဖြစ်ပါတယ်။
အောက်တိုဘာလအထိ ရုရှား ဓာတ်ငွေ့တင်သွင်းမှုဟာ EU ရဲ့ စုစုပေါင်း ဓာတ်ငွေ့တင်သွင်းမှုရဲ့ ၁၂ ရာခိုင်နှုန်းရှိပြီး ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ကျူးကျော်မှုမတိုင်မီ ၄၅ ရာခိုင်နှုန်းကနေ ကျဆင်းလာခဲ့တာပါ။
ဟန်ဂေရီ၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့က ရုရှားဓာတ်ငွေ့ကို လက်ခံရယူနေဆဲနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။
Source: Reuters


