
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းဟာ တရုတ်နိုင်ငံကို ဒီဇင်ဘာ ၃ ရက်က ရောက်လာခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီချန်း တို့နဲ့ ပြည်သူ့ခန်းမဆောင်ကြီးမှာ တွေ့ဆုံသွားဖို့ ရှိနေပါတယ်။
ဒါဟာ ၂၀၁၇ တုန်းက မက်ခွန်း သမ္မတတာဝန် စယူပြီးနောက်ပိုင်း ၄ ကြိမ်မြောက် နိုင်ငံတော်ခရီးစဉ်အဖြစ် တရုတ်ပြည်မကြီးကို ရောက်လာခဲ့တာပါ။
အဲဒီနောက် ၄ နှစ်နီးပါးကြာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ ကုန်သွယ်ရေးကိစ္စအတွက် မက်ခွန်းနဲ့ ရှီတို့ကြား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျွန်းနိုအယ်လ်ဘာဟိုကတော့ “ဗလာဒီမာပူတင်ရဲ့ ရုရှားကို မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့အတွက် လမ်းညွှန်ပေးရာမှာ တရုတ်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်” လို့ မှတ်ချက်ပြုပါတယ်။
၂၀၂၃ ဧပြီလမှာ မက်ခွန်းရဲ့ နောက်ဆုံး တရုတ်ခရီးစဉ်နဲ့ ၂၀၂၄ မေလအတွင်း ရှီ ကိုယ်တိုင် ပြင်သစ်ကို လာရောက်ခဲ့စဉ်က အလားတူ ညှိနှိုင်းမှုတွေ ရှိခဲ့ပေမဲ့လည်း သိသာထင်ရှားတဲ့ အောင်မြင်မှုတော့ မရခဲ့ပါဘူး။
အနောက်နိုင်ငံတွေက ရုရှားအနေနဲ့ ဆက်ပြီး စစ်ပွဲဆင်နွှဲနိုင်အောင် အရေးပါတဲ့ စီးပွားရေးအရ ထောက်ပံ့မှုတွေ ပြုလုပ်နေကြောင်း ပေကျင်းအစိုးရကို စွပ်စွဲထားပါတယ်။
အထူးသဖြင့် ရုရှားရဲ့ ကာကွယ်ရေးကဏ္ဍအတွက် လိုအပ်တဲ့ စစ်ဘက်ဆိုင်ရာ အစိတ်အပိုင်းတွေကို တရုတ်က ထောက်ပံ့နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြင်သစ်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း မက်ခွန်းက ရှီကို တရုတ်အနေနဲ့ ရုရှားအတွက် “ဘယ်လိုနည်းလမ်းမျိုးနဲ့မဆို ဘာအထောက်အပံ့မှ မပေးအပ်ဖို့အတွက်” တိုက်တွန်းဖို့ရှိကြောင်း ဖော်ပြထားပါတယ်။
၃ ရက်ကြာ တရုတ်ခရီးစဉ် မတိုင်ခင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ကိုပါ မက်ခွန်းက ပါရီမြို့မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
တချိန်တည်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကလည်း စစ်ပွဲအဆုံးသတ်ရေး အစီအစဉ်ကို နှစ်ဖက်စလုံး သဘောတူအောင် တွန်းအားပေးနေပါတယ်။
ဒါ့အပြင် ဥရောပသမဂ္ဂ (EU) ဟာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်တဲ့နေရာမှာ ဒေါ်လာ ၃၅၇ ဘီလီယံအထိ လိုငွေပြနေတဲ့အလျောက် မက်ခွန်း အနေနဲ့ ကိုယ်စားပြုပြီး သဘာတူညီချက်တခုရဖို့ ကြိုးပမ်းသွားရမှာပါ။
ဒါပေမဲ့လည်း မက်ခွန်းက ဇနီးဖြစ်သူ ဘရစ်ဂျက်နဲ့အတူ ချန်ဒူးမြို့ကိုပါ သွားရောက်လည်ပတ်ဖို့ ရှိနေပါတယ်။
အဲဒီမြို့ဟာ တရုတ်ကနေ ပြင်သစ်ဆီကို အငှားချပေးထားပြီး ပြန်လာရောက်တဲ့ ပန်ဒါဝက်ဝံကြီး ၂ ကောင် ရှိရာနေရာလည်း ဖြစ်ပါတယ်။
Source: Reuters


