
ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာကျတဲ့ ပိုခရော့ဗ်မြို့ကို သိမ်းပိုက်နိုင်ပြီ ဖြစ်တယ်လို့ ရုရှားဘက်က ကြေညာလိုက်ပြီးနောက် ဒီဇင်ဘာ ၁ ရက်မှာပဲ ရုရှားတပ်တွေ မြို့လယ်ကောင်ရောက်နေတဲ့ ဗီဒီယိုမှတ်တမ်း ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီမြို့ဟာ ရှေ့တန်းစစ်မျက်နှာအတွက် ထောက်ပံ့ပို့ဆောင်တဲ့နေရာမှာ အရေးပါတဲ့အလျောက် ၂ နှစ်နီးပါးကြာ အဝိုင်းခံထားရတာပါ။
ယူကရိန်းဘက်က ဒါဟာ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းမှုကို လွှမ်းမိုးနိုင်ဖို့ မော်စကိုအနေနဲ့ ထုတ်ပြန်လိုက်တဲ့ အသံကျယ်ကျယ် ကြေညာချက်တွေသာဖြစ်တယ်ဆိုပြီး ပယ်ချလိုက်ပါတယ်။
ရုရှားစစ်ဦးစီးချုပ် ဗယ်လာရီဂျရာစီမော့ဗ်ကတော့ ခါကိဗ်ဒေသမှာရှိတဲ့ ဗော့ချန်းစ်ခ်မြို့ကိုပါ သိမ်းပိုက်ရရှိထားကြောင်း အတည်ပြုသွားပါတယ်။
ဒါ့အပြင် သယ်ယူပို့ဆောင်ရေးအတွက် အချက်အချာကျတဲ့ မြို့အနေနဲ့ပါ ပိုခရော့ဗ်ကို ဖော်ပြထားပြီး ရုရှားသိမ်းပိုက်ထားရာ ယူကရိန်းအရှေ့ပိုင်းဒေသ ၄ ခုထဲက တခုဖြစ်တဲ့ ဒွန်နက်စ်ခ်မှာ တည်ရှိပါတယ်။
တချိန်တုန်းက လူဦးရေ ၆၀,၀၀၀ အထိ နေထိုင်ခဲ့တဲ့မြို့ကို ရက်သတ္တပတ်နဲ့ချီအောင် ရုရှားရဲ့ နည်းမျိုးစုံနဲ့ တိုက်ခိုက်မှုကြောင့် အဆောက်အအုံများစွာ ထိခိုက်ပျက်စီးနေတာ တွေ့ရပါတယ်။
တချိန်တည်းမှာ ယူကရိန်းသမ္မတ ဇလန်းစကီးကလည်း စစ်ပွဲအဆုံးသတ်ရေးအတွက် ဘယ်လိုညှိနှိုင်းရမလဲ ဆိုတာကို အမေရိကန် အပါအဝင် ဥရောပ ခေါင်းဆောင်တွေနဲ့အတူ တွေ့ဆုံဆွေးနွေးနေပါတယ်။
ယူကရိန်းဘက်က ဦးစားပေးမဲ့ အရေးကိစ္စတွေဟာ အချုပ်အခြာအာဏာကို ထိန်းသိမ်းထားနိုင်ရေးနဲ့ ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်တွေ ရရှိဖို့ပဲ ဖြစ်ပါတယ်။
ရုရှားဘက်ကလည်း အများစုသိမ်းပိုက်ထားနိုင်တဲ့ ဒွန်ဘတ်စ်ဒေသတခုလုံးကို ယူကရိန်းအနေနဲ့ လက်လွှတ်လိုက်ဖို့အတွက် ဆက်လက်တောင်းဆိုနေပါတယ်။
ယူကရိန်းကတော့ ဒါကို ဘယ်တော့မှ လိုက်လျောမှာ မဟုတ်ဘူးဆိုပြီး ငြင်းဆန်ထားပါတယ်။ ဒါကြောင့် “ပိုင်နက်နယ်မြေကိစ္စဟာ အခက်ခဲဆုံးဖြစ်နေတယ်” ဆိုပြီး ဇလန်းစကီးက မှတ်ချက်ပြုပါတယ်။
အမေရိကန်ရဲ့ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်ကတော့ မော်စကိုမြို့အထိ သွားရောက်ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တွေ့ဆုံသွားမှာဖြစ်ပြီး အဲဒီမှာ ထရမ့်ပ်ရဲ့ အကြံပေးဖြစ်သလို သမက်လည်းဖြစ်တဲ့ ဂျဲရတ် ကက်ရှ်နာ ပူးပေါင်းပါဝင်လာဖို့ ရှိနေပါတယ်။
Source: Reuters


