
ယူကရိန်းအရာရှိတွေနဲ့ ဆွေးနွေးပွဲတွေဟာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက်တခု အတွက် တိုးတက်မှု ပိုရစေဖို့ မျှော်လင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက နိုဝင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။
“ဒါက ငြိမ်းချမ်းရေးသဘောတူညီချက်တွေအကြောင်းချည်း မဟုတ်ဘဲ ယူကရိန်းကို အချုပ်အခြာ အာဏာပိုင်၊ လွတ်လပ်ပြီး ကြွယ်ဝချမ်းသာစေမယ့် လမ်းကြောင်းတခု ဖန်တီးပေးဖို့ပါ။ ဒါကြောင့် ဒီနေ့မှာ ပိုပြီးတိုးတက်မှုရှိလာမယ်လို့ မျှော်လင့်ပါတယ်” လို့ ရူဘီအိုက ဖလော်ရီဒါပြည်နယ်၊ ဟာလန်ဒေးကမ်းခြေမှာ ဆွေးနွေးပွဲတွေ ကျင်းပနေချိန် ပြောခဲ့ပါတယ်။
တနင်္ဂနွေနေ့က မိုင်ယာမီမှာ အမေရိကန်အရာရှိတွေနဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့အကြား အဆင့်မြင့်တွေ့ဆုံမှုတရပ် အပြီးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အကောင်းမြင်မှုကို ဖော်ပြခဲ့ပြီး ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ “အခွင့်အလမ်းကောင်း” ရှိတယ်လို့ ပြောခဲ့ပါတယ်။
ဆွေးနွေးပွဲတွေ ကောင်းကောင်း လည်ပတ်ဆောင်ရွက်နေတယ်လို့ ထရမ့်ပ်က Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ကျနော်တို့ သဘောတူညီချက်တခု ရယူနိုင်စရာရှိတယ်လို့ ကျနော်ထင်ပါတယ်” လို့လည်း ထရမ့်ပ်က ထပ်ပြောခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပျက်စီးလွယ်တယ်လို့ ယူဆပြီးတဲ့နောက် ထရမ့်ပ်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာခဲ့ပြီး ဘယ်သဘောတူညီချက်မှာမဆို ရုရှားဟာ အဓိကအခန်းကဏ္ဍကနေ ပါလိမ့်မယ်လို့လည်း အလေးပေး ပြောဆိုခဲ့ပါတယ်။
Source: Reuters


