
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ကို ပြည်သူတွေက စိတ်ဝင်စားမှုမရှိတာကြောင့် ရွေးကောက်ပွဲဝင်ပြိုင်မဲ့ ပါတီကိုယ်စားလှယ်လောင်းတွေက ပြည်သူတွေကို ငွေ၊ လုံချည်၊ ဆန်၊ ဆီ နဲ့ ပစ္စည်းတွေပေးပြီး မဲဆွယ်စည်းရုံးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စျေးသည်တယောက်က “သူတို့လုပ်တာက မဲဆွယ်စည်းရုံးရေးဆင်းတာနဲ့မတူဘဲ စျေးကြီးအပြင်ဘက်မှာ ရဲတွေ၊ စစ်သားတွေ ဝိုင်းထားပြီး စျေးကြီးအတွင်းမှာ အရပ်ဝတ်တွေနဲ့ ပါတီဝင်တွေကို လုံခြုံရေးယူပေးနေတာ၊ ပါတီဝင်တွေကလည်း သူတို့ပါတီကို မဲထည့်ဖို့ ပြောပြီး ပုဆိုး၊ ထဘီ၊ ဆန်တပြည်၊ ဆီတဘူး၊ ပြက္ခဒိန်တခုနဲ့ ငွေ ၁၀,၀၀၀ ကြိုက်ရာယူပုံစံမျိုးနဲ့ တပါတီကို ပစ္စည်းတမျိုးပေးပြီး မဲထည့်ဖို့ အပြိုင်မဲဆွယ်နေတယ်” လို့ ပြောပါတယ်။
ရွေးကောက်ပွဲနီးလာပေမဲ့ ရွေးကောက်ပွဲကျင်းပမဲ့ ရွှေဘိုမြို့မှာ ညမထွက်ရ မာရှယ်လောအမိန့် ရုပ်သိမ်းပေးတာမျိုး မရှိဘဲ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေက ညပိုင်းမှာ ဧည့်စာရင်းစစ်၊ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပြုလုပ်နေသလို နေ့ပိုင်းမှာလည်း ကင်းလှည့် ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတယောက်က “စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ်လို့သာ ပြောတာ၊ ဒီနေ့ထိ ပေါ်တာဆွဲ ငွေညှစ်တာတွေက မရပ်သေးသလို အလုပ်အကိုင်ကရှားပါးပြီး ကုန်စျေးနှုန်းကမြင့်၊ သွားလာရတာက မလုံခြုံလို့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိဘူး” လို့ ပြောပါတယ်။
ရွှေဘိုမြို့မှာ စစ်ကောင်စီပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ၃ ပါတီက ကိုယ်စားလှယ်လောင်းတွေပဲ ရှိတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


