
မြန်မာပြည်သူလူထုရဲ့ တော်လှန်ရေးကသာ အောင်ပွဲခံပါလိမ့်မယ်လို့ ဆွီဒင် လူငယ်တက်ကြွလှုပ်ရှားသူ ဂရီတာသွန်းဘတ်ဂ်က လက်သုံးချောင်းထောင်ပြီး ပြောကြားလိုက်ပါတယ်။
နိုဘယ်ဆုပြီးရင် ဂုဏ်သိက္ခာအကြီးမားဆုံးဆုအဖြစ် သိကြတဲ့ The Right Livelihood Award ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃ ရက် ညနေက စတော့ဟုမ်းမှာ ကျင်းပခဲ့တာမှာ Justice For Myanmar ရရှိခဲ့တဲ့ နိုင်ငံတကာအထင်ကရဆုအတွက် ဆွီဒင်တက်ကြွလှုပ်ရှားသူ ဂရီတာသွန်းဘတ်ဂ်က ကိုယ်စား ဆုလက်ခံမိန့်ခွန်းကို ဖတ်ကြားပေးရင်း အခုလို ပြောဆိုခဲ့တာပါ။
ဆွီဒင်တက်ကြွလှုပ်ရှားသူ ဂရီတာသွန်းဘတ်ဂ်က “အခု ဒီဇင်ဘာလမှာ စစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲတရပ်ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ အစိုးရတွေအနေနဲ့ ဒီအတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့၊ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို သက်ဆိုးရှည်စေနေတဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ လေယာဉ်ဆီလမ်းကြောင်းတွေကို ရပ်တန့်ဖို့ ကျွန်ုပ်တို့ တောင်းဆိုပါတယ်” လို့လည်း နိုင်ငံတကာကို တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ စစ်တပ်အပေါင်းအပါ ခရိုနီတွေဆီက ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ထုတ်ယူကြဖို့ ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ဂရီတာသွန်းဘတ်ဂ်က တောင်းဆိုခဲ့သလို ဒီကြံရာပါပတ်သက်မှုကို အဆုံးသတ်ပြီး ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ငွေကြေးထောက်ပံ့မှုတွေ မပြုလုပ်ကြပါနဲ့လို့လည်း တောင်းဆိုခဲ့ပါတယ်။
မြန်မာပြည်သူတွေရဲ့ ရုန်းကန်တော်လှန်မှုဟာ တရားမျှတမှုနဲ့ လူသားဂုဏ်သိက္ခာတို့အတွက် ကမ္ဘာလုံးဆိုင်ရာတိုက်ပွဲရဲ့ အစိတ်အပိုင်းပင်ဖြစ်ကြောင်းကို The Right Livelihood Award က ထပ်လောင်းအတည်ပြုလိုက်တာ ဖြစ်သလို ဒီဆုကို မြန်မာပြည်သူတို့ ပိုင်ဆိုင်ပါတယ်လို့လည်း ဆိုပါတယ်။
“အခုလို ဂုဏ်ပြုမှုဟာ ကျမတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ပိုမိုခိုင်မာစေမှာ ဖြစ်ပြီး စစ်အုပ်စုနဲ့ သူတို့ကို အားပေးကူညီတွေထံ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားတရပ် ပါးလိုက်တာလည်း ဖြစ်သလို ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်” လို့လည်း သတိပေးစကား ဆိုခဲ့ပါတယ်။
မြန်မာပြည်သူလူထုရဲ့ တော်လှန်ရေးကသာ အောင်ပွဲခံပါလိမ့်မယ်လို့ ပြောဆိုပြီး သူ့ရဲ့ ဆုလက်ခံမိန့်ခွန်းကို မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အမှတ်သင်္ကတ လက်သုံးချောင်းထောင်ပြပြီး အဆုံးသတ်ခဲ့ပါတယ်။


