
ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားနေသူတွေ ရှိနေတဲ့အတွက် ကျောင်းဆင်းသွားတဲ့ ဗိုလ်လောင်းတွေအနေနဲ့ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေကို ရောက်တဲ့အခါမှာ ရွေးကောက်ပွဲအတွက် ကူညီပေးဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
“၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ရန် ကြိုးပမ်းနေချိန်မှာ အစိုးရကို ဆန့်ကျင်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေဟာ ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒမဲနဲ့ တင်မြှောက်တဲ့ အစိုးရတရပ် ဖြစ်ပေါ်လာရင် သူတို့ ရှေ့ဆက်ရပ်တည်ဖို့ ခက်ခဲလာနိုင်တာကြောင့် ရွေးကောက်ပွဲကို အနှောင့်အယှက်ပြုလျက်ရှိပြီး ကျောင်းဆင်းအရာရှိတွေအနေနဲ့ ပြည်သူနဲ့လက်တွဲပြီး ကျရာကဏ္ဍအသီးသီးကနေ ကြိုးပမ်းကာကွယ် ဆောင်ရွက်သွားကြဖို့ လိုတယ်။”
ဒါ့အပြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုကြောင့် တပ်မတော်က အမျိုးသားနိုင်ငံရေးတာဝန်ကို ထမ်းဆောင်ရချိန်မှာ NUG, CRPH အဖွဲ့တွေရဲ့ ဝါဒမှိုင်းတိုက်ပြီး လူငယ်တွေ လက်နက်ကိုင်စေတဲ့ လမ်းစဉ်ကြောင့် လူ့စွမ်းအား အရင်းအမြစ် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတယ်လို့လည်း စစ်ခေါင်းဆောင်က ဝါဒဖြန့် ပြောကြားခဲ့ပါတယ်။
ဒီလိုလက်နက်ကိုင်လမ်းစဥ်ကို လိုက်သွားတဲ့ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေကို ပြည်ထောင်စုအကျိုး ရှေးရှုပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာနိုင်ဖို့ နိုင်ငံတော်က ကြိုဆိုဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ သင်တန်းဆင်းအရာရှိတွေ ရှေ့တန်းမှာ လက်နက်ချသွားမှာ တော်လှန် ရေးတပ်တွေနဲ့ ပူးပေါင်းသွားမှာ စိုးရိမ်နေပြီး ပကတိအရှိတရားကို လိမ်ညာကာ အမြဲပြောဆိုကာ ဝါဒဖြန့်လေ့ရှိတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တယောက်က သုံးသပ်ပါတယ်။
“မဲမသမာမှုကို ခေါင်းစဥ်တပ်ပြီးပြောလာတာ ၂၀၂၁ ကတည်းက အခုချိန်ထိပဲ။ ဖြစ်စဥ်အမှန်သိမှာ စစ်ခေါင်းဆောင်တွေက အရမ်းကြောက်တာ။ ဘာလို့လဲဆိုတော့ ဇစ်မြစ်သိသွားတဲ့ အရာရှိတွေက CDM လုပ်သွားကြလို့ အခုလည်း ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံနေတဲ့ ပုံစံမျိုးပြောနေတာ။ တကယ်တမ်းက လက်ရှိရွေးကောက်ပွဲကို ဘယ်နိုင်ငံမှ မထောက်ခံဘူး။”
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု ကင်းမဲ့ရုံသာမကဘဲ ဒေသတွင်း မတည်ငြိမ်မှုတွေနဲ့ လူထုအပေါ် ဖိနှိပ်မှုတွေကို ပိုတိုးလာစေနိုင်တယ်လို့ ကုလသမဂ္ဂကလည်း သတိပေး ပြောကြားထားပါတယ်။
ဗိုလ်လောင်းအပတ်စဥ် ၆၇ သင်တန်းပွဲလုပ်ဖို့ မနေ့က လပခတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်၊ စစ်ဗျူဟာအခြေချအဖွဲ့၊ ဒရုန်းတပ်တွေနဲ့ တိုက်ခိုက်ရေးတပ်ရင်း ၂ ရင်း လုံခြုံရေးယူပေးပြီး ပြုလုပ်ခဲ့ရတယ်လို့ စစ်ရေးသတင်းအမြစ်တွေဆီက သိရပါတယ်။


