
နိုင်ငံတော် ပြိုကွဲလာမယ့် အခြေအနေတွေ ကြုံတွေ့လာပါက နိုင်ငံတည်ငြိမ်ဖို့ ဆောင်ရွက်ရာမှာ စစ်တပ်က မရှိမဖြစ် လိုအပ်တာကြောင့် ကာကွယ်ရေးအမြင်ရှိတဲ့ ကိုယ်စားလှယ်တွေကို မဲပေးဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက်က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ဗဟိုမီးသတ်သင်တန်းကျောင်းနဲ့ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး) မှာ သင်တန်းသား၊ သင်တန်းသူတွေနဲ့ တွေ့ဆုံစဥ် စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။
“နိုင်ငံရေးအရ တည်ငြိမ်မှုရရှိအောင် လိုအပ်ချက်တွေ ဆောင်ရွက်တဲ့နေရာမှာ စစ်တပ်က မရှိမဖြစ် လိုအပ်ပြီး အစိုးရသစ်တရပ်ကို ရွေးချယ်တဲ့နေရာမှာ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်တွေအပြင် ကာကွယ်ရေးအမြင်ရှိတဲ့ သူတွေကိုပါ ရွေးချယ်မဲပေးဖို့ လိုအပ်ကြောင်း” ပြောဆိုခဲ့တာပါ။
စစ်ခေါင်းဆောင်က နိုင်ငံ့ဝန်ထမ်းတွေကို အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီကိုသာ ရွေးချယ်မဲပေးဖို့ ဖိအားပေး မဲဆွယ်စည်းရုံးနေတာလို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“ပို့ဆောင်ဆက်သွယ်ရေးဆို ဗိုလ်ချုပ်ကြီးမြထွန်းဦးကို မဲပေးရမယ်၊ ပြန်ကြားရေးဆို ဗိုလ်ချုပ်မောင်မောင်အုန်း၊ အလုပ်သမားဆိုရင် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုး၊ ကက(ကြည်း)ဆိုရင် ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ညိုစော၊ တင်အောင်စန်း၊ စစ်ဆင်ရေးကဆို ကစထမှူးတွေကို မဲပေးရမှာ။ ဒါကို ဝန်ထမ်းတိုင်းသိတယ်။ မပေးရင် ဘာဖြစ်ဆိုတော့ နယ်ပြောင်းခံရမှာပေါ့။ သူတို့ပြောတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်မှာလဲ။”
နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့လည်း အစိုးရသစ် ပြောင်းသွားပါက မိမိတို့တာဝန်အလိုက် ဆက်လက် ထမ်းဆောင်ရမှာဖြစ်ပြီး အာဏာရပါတီနဲ့ အစိုးရအဖွဲ့ မူဝါဒများ ကွဲပြားသွားပေမဲ့ ရုံးဌာနတွေ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ ကရင်၊ မွန်နဲ့ တနင်္သာရီတိုင်းတွေကို စစ်ခေါင်းဆောင် သွားရောက်ခဲ့စဥ်က လာမယ့်ရွေးကောက်ပွဲမှာ ကာကွယ်ရေးအမြင်ရှိသူတွေ ရွေးချယ်မဲပေးဖို့ ကြံ့ခိုင်ရေးအတွက် မဲဆွယ်စည်းရုံးပေးခဲ့ပါတယ်။
စစ်အုပ်စုက ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အပါအဝင် ပါတီပေါင်း ၅၇ ပါတီက ကိုယ်စားလှယ်ပေါင်း ၅,၀၀၀ ကျော် ဝင်ပြိုင်မှာဖြစ်ပြီး အဲဒီထဲမှာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်ပေါင်း ၁,၀၀၀ ကျော် ပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်ကလုပ်မဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်လို့ ပြည်သူတွေ ဝိုင်းဝန်းကန့်ကွက်ရှုတ်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


