
မွန်းလွဲ ၂ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာန (ARNs) က ဖော်ပြပါတယ်။
ဗုံးကြဲပြီး မိနစ် ၂၀ လောက်အကြာမှာလည်း ရေကြည်မြို့နယ်မှာရှိတဲ့ ၃၄၄ အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ၄ ကြိမ် ထပ်ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
“ဒီဘုန်းကြီးကျောင်းက ပြည်သူတွေ၊ စစ်ဘေးရှောင်တွေပဲ အရင်က နေတဲ့နေရာပါ။ ခုရက်မှ တခြားရွာတွေကိုရွှေ့သွားလို့ စစ်ဘေးရှောင်ပြည်သူမရှိတော့တာ။ ဒီနယ်ဝန်းကျင်မှာတော့ လူသိများတဲ့ဘုန်းကြီးကျောင်းဖြစ်ပြီး ခုတော့ ကျောင်းဆောင်တွေအကုန်လုံး ဘာတခုမှ မရှိတော့ဘူး” လို့ ဒေသခံတယောက်က ARNs ကို ပြောဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတာမရှိပေမဲ့ ဘုန်းကြီးကျောင်းက ကျောင်းဆောင် ၅ ခုလုံး လုံးဝပျက်စီးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ဧရာဝတီတိုင်းမှာ အရပ်သားပြည်သူတွေ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေပြီး နိုဝင်ဘာ ၂၅ ရက်ကလည်း လေးမျက်နှာမြို့နယ်ကို လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက်နဲ့ သက်ကြီးအမျိုးသား ၁ ယောက် သေဆုံးခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်ကလည်း လေးမျက်နှာမြို့နယ်၊ စပြင်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၂၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
Photo : ARNs


