
၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ၃ လအတွင်းမှာ အာဏာသိမ်းစစ်တပ်ကြောင့် တရက်ကို ပြည်သူ ၃ ယောက်ကျော်နှုန်းလောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဒီဇင်ဘာ ၄ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီ ၃ လတာအတွင်း အမျိုးသမီး ၁၂၆ ယောက်၊ အမျိုးသား ၁၈၈ ယောက် စုစုပေါင်း ၃၁၄ ယောက် သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားတာပါ။
အဲဒီသေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၈၆ ယောက်ပါဝင်ပါတယ်။ သေဆုံးသူတွေထဲက ၂၂၅ ယောက်ဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးတာဖြစ်တယ်လို့သိရပါတယ်။
ပြည်နယ်နဲ့ တိုင်းတွေထဲမှာ စစ်ကိုင်းတိုင်းက သေဆုံးသူ အများဆုံးဖြစ်ပြီး ၉၁ ရက်တာကာလအတွင်း ၉၁ ယောက်သေဆုံးခဲ့သလို ရခိုင်ပြည်နယ်ကတော့ ဒုတိယအများဆုံးအနေနဲ့ ၅၈ ယောက်သေဆုံးခဲ့ပါတယ်။
ဒါဟာ AAPP က အတည်ပြုထားတဲ့ စာရင်းဖြစ်ပြီး တခြား သေဆုံးသူ ၃၄၃ ယောက်ရဲ့ စာရင်းကိုလည်း သီးခြား ကောက်ယူပြီး အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ထား ပါတယ်။


