Home
မြန်မာသတင်း
မိုးကုတ်နှင့် မိုးမိတ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ်နေ 
DVB
·
December 4, 2025

မိုးကုတ်နဲ့ မိုးမိတ် ၂ မြို့လုံးကို စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ပြီးနောက် လက်နက်ကြီး ဆက်တိုက် ပစ်ခတ်နေသလို မြို့ပြင်က ကျေးရွာတွေမှာ စစ်ရေးတင်းမာနေပြီး မိုးကုတ်မြို့ထဲ စားသောက်ကုန်တချို့ ရှားပါးပြတ်လပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ဖိအားကြောင့် မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်  (TNLA) က စစ်ကောင်စီတပ်ထံ ပြန်အပ်အပြီး နိုဝင်ဘာ ၂၈ ရက်ကစလို့ တော်လှန်ရေးတပ်တချို့နဲ့ စစ်ကောင်စီတပ်တွေ စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၄ ရက် မနက်အစောပိုင်းမှာတော့ မိုးကုတ်မြို့အနောက်ခြမ်း မြို့ပြင်တနေရာကို လေယာဉ်နဲ့ ဗုံးကြဲခဲ့သလို မြို့စွန်နေရာတချို့မှာလည်း ပြောက်ကျားတိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့တယ်လို့ ပစ်ခတ်သံကို ကြားခဲ့ရတဲ့မြို့ခံက ပြောပါတယ်။

မိုးကုတ်အရှေ့ခြမ်းမှာလည်း လက်နက်ကြီးပစ်ခတ်သံတချို့ ပြန်ထွက်လာပြီး စစ်တပ်က ဒီဇင်ဘာ ၃ ရက် ညနဲ့ ဒီဇင်ဘာ ၄ ရက် မနက်တွေမှာ ၃ ချက်တွဲ တခါ မြို့ပြင်က ရွာတွေဘက်ကို ပစ်ခတ်လေ့ရှိတယ်လို့ မြို့ခံက ပြောပါတယ်။

မိုးကုတ်အရှေ့ပိုင်းမှာ နေထိုင်သူတယောက်က “အရင်ကပုံစံလို ပြန်ဖြစ်တာပဲဗျ။ စစ်တပ်က ဝင်နေပြီဆိုတည်းက။ ပြောက်ကျားစစ်လို့ ပြောရမှာပဲ၊ မြို့အပြင်ဘက်ကိုဗျ။ ဒီ ပြောင်ခေါင်း ဝန်းကျင်ပေါ့၊ အရှေ့ပိုင်းဆို ပြောင်ခေါင်းဝန်းကျင်မှာ ဖြစ်တာ။ အနောက်ပိုင်းကျတော့ အထွက်ဘက်ပေါ့၊ မြို့ရဲ့အထွက်ဘက်။ ကျောင်းကြီးတို့ ဘာတို့၊ ဆေးရုံမှာတို့ ပြီးရင် စစ်တပ်က အောင်မြေဘုန်းကြီးကျောင်းမှာလည်း ရှိတယ်ဗျ။ ပြီးရင် မီးသတ်ရုံးမှာ ပေါ်ပေါ်ထင်ထင်လေး ဖြစ်သွားတာက အရှေ့ပိုင်းဘောလုံးကွင်းမှာ။ ကျန်တဲ့နေရာတွေလည်း သူတို့ ဆင်တော့ ဆင်ထားတဲ့ပုံပဲ၊ ပတ်လည်တွေတော့ ကြားရတယ်ဗျ။ ရွာဘက်တွေက တော်လှန်ရေးအဖွဲ့တွေ နောက်ဆုတ်ရတော့ TNLA က နောက်ဆုတ်ခိုင်းတော့ အဲဒီ ရွာဘက်တွေမှာ လာနေတော့ စိုးရိမ်ပြီးတော့ ရှောင်ကြတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

လက်ရှိ မိုးကုတ်မြို့ထဲမှာ စစ်ကောင်စီတပ်သား ၁,၀၀၀ ကျော်အထိ ရှိနေပြီး နေရာအနှံ့ လက်နက်ကြီး ဆင်ထားပေမဲ့ ဘယ်ရွာတွေကို လှမ်းပစ်ပြီး ဘယ်ရွာတွေမှာ တိုက်ပွဲအသေးတွေ ဖြစ်တယ်ဆိုတာကိုတော့ အသေအချာ မသိရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

လမ်းပိတ်ထားတာမျိုး မဟုတ်ပေမဲ့ ဒီလိုစစ်ရေးတင်းမာမှုတွေကြောင့် လုံခြုံရေးစိုးရိမ်နေရပြီး နိုဝင်ဘာ ၂၈ ရက်ကတည်းကနေ ခုချိန်ထိ ကုန်ကားအဝင်အထွက် မရှိတော့ဘဲ စားသောက်ကုန်တချို့ပါ စတင် ပြတ်လပ်လာပြီလို့ နောက်ထပ်မြို့ခံကလည်း ပြောပြပါတယ်။

မိုးကုတ်မြို့စွန်နေ အမျိုးသားတယောက်က “အစားသောက်တွေလည်း ပြတ်နေပြီဗျာ။ ရှင်းရှင်းပြောရရင် ပြတ်လုနီးနီးဖြစ်တယ်ဗျာ။ ကနေ့မနက်ဆို အသား၊ ငါး မရဘူးဗျာ၊ အသား ငါး ဝယ်လို့မရဘူး။ အသီးအရွက်လေးတွေနဲ့ အဲလိုမျိုးလေးတွေပေါ့ ဝယ်နေရတာ။ ငါးဆိုရင် ကားမဝင်လို့ ကြက်သားဆို ကားမဝင်လို့၊ ဝက်သားကတော့ ဖော်တဲ့နေ့ စားလို့ရမယ်ပေါ့နော်။ အဲလိုမျိုးလေးတွေပေါ့နော်။ ဆန်ကလည်း တချို့တလေ ဆိုင်မှာကျန်တယ်၊ တချို့တလေ ဆိုင်မှာ မကျန်ဘူး၊ ဆိုင်တိုင်းလည်းမဖွင့်ဘူး။ ဆီကလည်း ဆီဆိုင်တိုင်းမဖွင့်ဘူး၊ အဲလိုမျိုးပေါ့နော်။ ကုန်ခြောက်တွေဆိုရင် ပုံမှန်စားနေကျ မုန့်ခြောက်လေးတွေဆို ဝယ်လို့ မရဘူး၊ ဥပမာ မရွေးတို့၊ မုန့်ကျွတ်လိုမျိုးတို့ ကစီမုန့်လိုမျိုးတို့ အဲလိုမျိုးတွေ ဝယ်လို့မရဘူးပေါ့နော်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ မိုးကုတ်မြို့ထဲ ဝင်လာပေမဲ့ အရပ်ဖက် ဌာနဆိုင်ရာဝန်ထမ်းတွေ ဝင်လာတာ မရှိသေး‌ဘဲ စတားလင့်စက်တချို့ကလွဲလို့ ဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေသေးတဲ့ အကြောင်း မြို့ခံတွေက ပြောကြပါတယ်။

ဒါအတူ ရှမ်းပြည်မြောက်ပိုင်းက မိုးမိတ်မြို့နယ်ဘက်မှာလည်း စစ်ကောင်စီတပ်တွေက စစ်ကား ၄ စီးနဲ့ အင်အားရာပိုင်း ရောက်ရှိနေပြီး ဌာနဆိုင်ရာတွေနဲ့ တချို့နေရာတွေမှာ တပ်စွဲထားတဲ့အကြောင်း တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူက DVB ကို ပြောပါတယ်။

“မိုးမိတ်ထဲလည်း ကား ၄ စီးနဲ့ ဝင်လာတယ်လို့ သိရတယ်ပေါ့နော်။ မိုးမိတ်ထဲကနေလည်း မြို့ပြင်ဘက်တွေကို ဖြန့်ထွက်တာ၊ တွင်းငယ်သွားတဲ့လမ်းဘက်တို့ တခြား မဘိမ်းတို့သွားတဲ့ လမ်းဘက်တွေပေါ့။ မြို့အပြင်ဘက်တွေမှာက KIA၊ KPDF တွေရှိတယ်၊ PDF တွေ PLA တွေ ရှိကြတယ်လေ။ နောက်ပိုင်းတော့ မသိရဘူး။ မိုးကုတ်ထဲမှာလည်း မိုးကုတ်ရဲစခန်းကနေပြီး လက်နက်ကြီးနဲ့ ပတ်ချာလည်ကို ပစ်တယ်လို့ သတင်းပို့တာရှိတယ်။”

စစ်တပ်ဟာ မိုးကုတ်ရော၊ မိုးမိတ်ဘက်မှာပါ မြို့တွင်းကိုပဲ ထိန်းချုပ်နိုင်တာကြောင့် မြို့ပြင်ဘက်ကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းဖွယ်ရှိပြီး စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဘက်မှာလည်း စစ်တပ်ဟာ တတက ၁၃ အပြင် တွင်းငယ်ရွာကို ထိန်းချုပ်ထားပြီး သပိတ်ကျင်းမြို့ကိုလည်း ပြန်သိမ်းထားတာကြောင့် မိုးကုတ်-မိုးမိတ်လမ်းအပြင် သပိတ်ကျင်း-မိုးကုတ်၊ မိုးမိတ်-တွင်းငယ်လမ်းတွေကိုသာ ထိန်းချုပ်နိုင်ရင် သပိတ်ကျင်းနယ် တခုလုံးကို ထိန်းချုပ်သွားနိုင်မှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲနဲ့ သီပေါမှာလည်း တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့သူတွေကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးနေသလို နေအိမ်နဲ့ လုပ်ငန်းတွေကို ချိတ်ပိတ်နေကာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။

ကျောက်မဲနဲ့ သီပေါမြို့မှာ ဖမ်းဆီးထားသူတွေကို အရပ်ဘက်တရားရုံးမှာ စီရင်ချက်ချတာမဟုတ်ဘဲ စစ်တပ်က စစ်ခုံရုံးဖွဲ့ပြီး စီရင်ချက်ချနေတာလို့ မြို့ခံတွေက ဆိုပါတယ်။

ဒါ့ကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်ကြတဲ့သူတွေ CDM ဝန်ထမ်းတွေဟာ စစ်ကောင်စီတပ်တွေ မြို့ထဲကို ဝင်မလာခင်ကတည်းက မိသားစုလိုက် တိမ်းရှောင်နေကြပါတယ်။

TNLA ၁ နှစ်ကျော်ကြာထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေကို စစ်တပ်က ဒီနှစ်အတွင်းမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013