Home
မြန်မာသတင်း
၂၀၂၅ ခုနှစ်အတွင်း စစ်တပ်ဘက်က အလင်းဝင်၊ လက်နက်ချ စစ်သုံ့ပန်း ၂,၅၀၀ ခန့်ရှိ
DVB
·
December 7, 2025

မြန်မာနိုင်ငံအနှံ့မှာ တော်လှန်ရေးတပ်တွေနဲ့ ရင်ဆိုင်နေတဲ့ စစ်ကောင်စီတပ်ဘက်ကနေ ၂၀၂၅ ခုနှစ်အတွင်း အလင်းဝင်ပူးပေါင်းသူနဲ့ လက်နက်ချ စစ်သုံ့ပန်း အယောက် ၂,၅၀၀ လောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ဇန်နဝါရီလကစပြီး နိုဝင်ဘာလ စတုတ္ထအပတ်အထိ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ တပ်သားသစ်၊ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၂,၄၃၇ ယောက်ရှိတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တလတာအတွင်းမှာပဲ လက်နက်ချ စစ်သုံ့ပန်း၊ အလင်းဝင်သူ စုစုပေါင်း ၁၂၆ ယောက်ရှိတယ်လို့ ဆိုပါတယ်။

အခု နိုဝင်ဘာလ စတုတ္ထအပတ်မှာ စစ်မှုထမ်းတပ်သားသစ် ၁၂ ယောက်အပါအဝင် အလင်းဝင် ပူးပေါင်းလာသူ ၁၄ ယောက်ရှိပြီး ကရင်နီပြည်မှာ ၁ ယောက်၊ မကွေးတိုင်းမှာ ၈ ယောက်၊ တနင်္သာရီတိုင်းမှာ ၅ ယောက်ဖြစ်ပါတယ်။

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူတွေထဲမှာလည်း စစ်မှုထမ်းတပ်သားသစ် ၄ ယောက်ပါပြီး ချင်းပြည်နယ်မှာတော့ စစ်သား ၂ ယောက် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ အလင်းဝင်သူနဲ့ လက်နက်ချ စစ်သုံ့ပန်း အယောက် ၅၀၀ ကျော်ရှိပြီး အခုနှစ် နိုဝင်ဘာလမှာတော့ အယောက် ၂၀၀ မပြည့်သေးဘူးလို့ ပြောပါတယ်။

ပြည့်သူ့ပန်းတိုင်အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “၂၀၂၄ တုန်းကနဲ့ယှဉ်ရင် အများကြီး လျော့တယ်လို့ ပြောရမယ်။ ၂၀၂၄၊ ၁၁ လပိုင်းနဲ့ ၂၀၂၅၊ ၁၁ လပိုင်း အရေအတွက်က တော်တော်ကွာခြားတာ တွေ့ရပါတယ်” လို့ ပြောပါတယ်။

ရှေ့တန်းမှာ အလင်းဝင်လာတာ၊ စစ်သုံ့ပန်းဖြစ်တာတွေရှိနေပေမယ့် စစ်တပ်က လစဉ် စုဆောင်းရရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ် အရေအတွက်နဲ့ ယှဉ်မယ်ဆိုရင် တပ်ထဲအဝင်က များပြီး ပြုန်းတီးမှုက နည်းနေတယ်လို့ သူက ပြောထားပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ချတာ၊ အလင်းဝင်တာ၊ သုံ့ပန်းအနေနဲ့ ဖမ်းဆီးခံရတာတွေကို တော်လှန်ရေးအင်အားစုရဲ့ ထုတ်ပြန်ချက်တွေ၊ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေ၊ မြေပြင်သတင်းအချက်တွေကနေရယူပြီး အချက်အလက် တိုက်ယူစစ်ဆေး စစ်တမ်းပြုစုထားတာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013