
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဖိုးဝါးသိမ်ကျေးရွာမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ယောက် ထိမှန်သေဆုံးခဲ့တဲ့အပြင် ဒေသခံ ၃ ယောက်ကိုလည်း ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ရန်ကုန်-မော်လမြိုင်လမ်းမကြီးအနီး၊ အလူးလေးကျေးရွာကနေ ဖိုးဝါးသိမ်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ လောက်ရှိတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်က ဖိုးဝါးသိမ်ကျေးရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်မောင်းနှင်လာတဲ့ ရှမ်းစုရွာသား အသက် ၅၀ အရွယ် ဦးမောင်လုံးနဲ့ ဖိုးဝါးသိမ်းရွာသား အသက် ၆၀ အရွယ် ဦးကြည်လွင်တို့ ကျည်ထိမှန်ပြီး သွေးလွန်သေဆုံးခဲ့ပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “စစ်ကြောင်းဝင်လာတယ်။ ဝင်လာတဲ့အချိန် ဒီဘက်က တော်လှန်ရေးအဖွဲ့တွေက ပစ်တယ်။ ပစ်တဲ့အချိန်မှာ စစ်တပ်က ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ချလိုက်တာ ဆိုင်ကယ်စီးလာတဲ့ ရွာသား ၂ ယောက်ကို ထိတယ်။ ပွဲချင်းပြီးပဲ” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဖိုးဝါးသိမ်ကျေးရွာကိုဝင်ရောက်ပြီး ဒေသခံတွေကို အပြင်ပေးမထွက်တဲ့အပြင် ဒေသခံ ၃ ယောက်ကိုလည်း ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဖိုးဝါးသိမ်ကျေးရွာသား ၃ ယောက်ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တာနဲ့ပတ်သက်ပြီး DVB အနေနဲ့ အတည်ပြုလို့ မရသေးပါဘူး။
ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်က အလူးကြီးကျေးရွာဘက်ကို စစ်ကြောင်းတကြောင်း ထပ်အင်အားဖြည့်တင်းပြီး (အလူးကြီး)အနောက်ဘက်ကမ်းရွာက အလုပ်လုပ်နေတဲ့ လူငယ်တော်တော်များများကို ဖမ်းသွားခဲ့ပါတယ်။
လက်ရှိမှာလည်း ရန်ကုန်-မော်လမြိုင်လမ်းဘေး၊ အလူးလေးကျေးရွာအနီးမှာ တပ်ဖြန့်ချထားတဲ့အပြင် သပြေနီရွာမှာ စစ်ကြောင်း ၁ ကြောင်း၊ အလူးကြီးနဲ့ ဖိုးဝါးသိမ်ရွာ ဘုန်းကြီးမှာ စစ်ကြောင်း ၁ ကြောင်း တပ်စွဲထားပါတယ်။
စစ်ကြောင်းတွေ ဝင်ရောက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အလူးလေး၊ အလူးကြီး၊ သပြေနီ၊ ဖိုးဝါးသိမ်၊ ညောင်ဒေါက်၊ ရှမ်းစု စတဲ့ကျေးရွာက ဒေသခံပြည်သူ ၂,၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။


