
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့မှာ ဒီဇင်ဘာ ၁၃ ရက် မနေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ကျလို့ အမျိုးသား ၁ ယောက် သေဆုံးခဲ့ပြီး မြေပြင်စစ်ကြောင်းကလည်း လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အညာမြေအရပ်ဘက်လူ့အဖွဲ့အစည်း-မြိုင် ရဲ့ တာဝန်ရှိသူတယောက်က “ကမ္မမြို့ပေါ်ကို စစ်တပ် စစ်ကြောင်းက မနက်ပိုင်းမှာ ရောက်လာပြီးတော့ ကမ္မရဲစခန်းမှာ တပ်စွဲနေတယ်။ အဲဒီကနေလည်း လက်နက်ကြီးတွေနဲ့ ထုနေပြီးတော့ လူနေအိမ်တွေကိုလည်း မီးရှို့နေတယ်။ ညနေပိုင်းအထိတော့ ကမ္မဈေးအရှေ့ဘက်က အိမ် ၁ လုံးနဲ့ ချောင်းဦးတိုရပ်ကွက်က အိမ် ၁ လုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သိရတယ်။ မြို့ပေါ်ကိုလည်း ကင်းပုန်းတွေ ချထားလို့ မြို့ပေါ်က လူတွေ တော်တော်များများ ထွက်ပြေးကုန်ကြပြီ” လို့ ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အမျိုးသား ၁ ယောက် သေဆုံးခဲ့သေးတယ်လို့လည်း ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ရဲ့ စစ်ကြောင်းမှူးတယောက်က “ကမ္မမြို့ပေါ်မှာ စစ်တပ်က ထင်တိုင်းကြဲနေတာ။ ကမ္မရဲစခန်းထဲကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ရွာသစ်ရပ်ကွက်ထဲ ကျလို့ အသက် ၆၀ လောက် အမျိုးသား ၁ ယောက် သေဆုံးပြီး အိမ်တချို့ ပျက်စီးတယ်။ ဒဏ်ရာရသူတွေလည်း ရှိနေပြီး အဖမ်းခံရတဲ့ ပြည်သူတွေလည်း ရှိတယ်လို့ သိရတယ်။ အဲဒီ စကစစစ်ကြောင်းက အင်အား ၁၅၀ လောက်နဲ့ မြိုင်မြို့နယ်ထဲက ကန်သစ်ရွာကနေ ထွက်လာပြီး ကမ္မမြို့ပေါ်ကို ရောက်လာတာ။ စစ်ရေးအခြေအနေကတော့ ဆိုင်ထားတဲ့အနေအထားပေါ့” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းအထိ ကမ္မမြို့ပေါ်က ကမ္မရဲစခန်းမှာ တပ်စွဲနေပြီး ပြည်သူတွေရဲ့နေအိမ်တွေကိုဖျက်ဆီးနေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကြောင်းကြောင့် ကမ္မမြို့ပေါ်က ပြည်သူတွေအပြင် မြိုင်မြို့နယ်နဲ့ ကမ္မနယ်က ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်ထွက်ပြေး နေကြရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။


