
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခက်လန်းရွာမှာ အင်အား ၃၀၀ ဝန်းကျင်နဲ့ ပြည်သူပိုင်အိမ်တွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို ဖမ်းဆီးပြီး ငွေညှစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ကစလို့ ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်အထိ အရပ်သား နေအိမ်ပေါ် တက်နေပြီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဖမ်းဆီးပြီး ရွာကိုလည်း မီးရှို့နေသလို ငွေညှစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “ဒေါ်သောင်းနု ဆိုတဲ့ အသက် ၇၀ အရွယ် အဘွားကို ဒီဇင်ဘာ ၁၃ ရက်က ဖမ်းသွားတယ်။ သူ့သားက ကိုရီးယားမှာ အလုပ်လုပ်နေတာ သိတော့ သိန်း ၅၀၀ နဲ့ ပြန်ရွေးခိုင်းနေတယ်။ ရွာပတ်ပတ်လည်မှာလည်း ကင်းပုန်းတွေ ချထားတယ်။ အိမ်တွေကိုလည်း မီးရှို့နေတာ ၁၀ အိမ်ရှိပြီ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ခက်လန်းရွာကို အင်အား ၃၀၀ ဝန်းကျင်နဲ့ ဝင်ရောက်လာပြီးနောက် ရွာအတွင်းက ပြည်သူနေအိမ်တွေပေါ် တပ်စွဲနေကြတာ ဖြစ်ပြီး နေအိမ်ထဲက ပစ္စည်းတွေကို ယူဆောင်သလို ဒေသခံတွေကိုလည်း လူသားဒိုင်းအဖြစ် အပြင်ပေးမထွက်ဘဲ ထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၀ ရက်မှာ ခက်လန်းရွာ ဒေသခံ ဦးသိန်းအေးတို့ လင်မယား ၂ ယောက်ကို ဖမ်းဆီးပြီးနောက် မိဘတွေကို သွားတွေ့တဲ့ သားဖြစ်သူ ကိုနန်းကို ကိုလည်း အဲဒီနေ့မှာ ထပ်မံဖမ်းဆီးခဲ့ပေမဲ့ သားဖြစ်သူဟာ နောက်ရက်မှာ ပြန်လွတ်လာတယ်လို့ ဆိုပါတယ်။
ဦးသိန်းအေးတို့ လင်မယား ၂ ယောက်ကို ဖမ်းဆီးပြီးနောက် ရွာအတွင်းက နေအိမ်တွေကို ဆက်တိုက်မီးရှို့ခဲ့သလို ကလေး ၂ ယောက်နဲ့ မိခင်ဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်အေးပို ကိုလည်း ဒီဇင်ဘာ ၁၁ ရက်မှာ ထပ်မံဖမ်းဆီးကာ ကလေး ၂ ယောက် အဲဒီနေ့မှာပဲ ပြန်လွတ်လာခဲ့ပေမဲ့ ဒီဇင်ဘာ ၁၃ ရက်မှာ ကလေးတွေကို ပြန်ဖမ်းသွားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်ကလည်း “စစ်ကောင်စီတပ်တွေ ရွာထဲကို စဝင်လာကတည်းက အောင်ကိုလင်းကို သိလားလို့ မေးတာ။ ဒေသခံတွေကလည်း အောင်ကိုလင်းတွေ အများကြီးပဲလို့ ပြောလိုက်တော့ ဘာမှမပြောဘဲနဲ့ သူတို့ စားဖို့၊ သောက်ဖို့ အဆင်ပြေပြီဆိုတော့မှ လိုက်လုပ်တာပေါ့နော်။ ကိုအောင်ကိုလင်း နေအိမ်ကို မီးရှို့တယ်။ သူ့မိဘတွေ နေအိမ်ကိုလည်း မီးရှို့တယ်။ ပြီးနောက် ကိုသက်နိုင်ထွေး အိမ်ကိုလည်း မီးရှို့တယ်။ ဖမ်းခံရတဲ့ ဦးသိန်းအေးကတော့ လက်လွန်သွားပြီလို့ ကြားတယ်။ ဒေသခံတွေကို ရွာပြင် ပေးမထွက်ဘူး။ အပြင်ထွက်မယ်ဆိုရင် သူတို့ဆီ ခွင့်ပြုချက် တောင်းရတယ်။ ပြန်မလာရင် ဖုန်းဆက်ပြီး ဘယ်တော့ပြန်လာမလဲ ဆိုတာ မေးတယ်” လို့ ပြောပါတယ်။
ခက်လန်းရွာဟာ ရန်ကုန်-မန္တလေး အမြန်လမ်းကနေ ၁၀ မိနစ်ခန့်သာဝေးပြီး လမ်းဘေးရွာ ဖြစ်တာကြောင့် ဒေသခံတွေဟာ တိမ်းရှောင်တာတွေ မလုပ်ဘဲ နေထိုင်နေကြတာ ဖြစ်သလို စစ်ကောင်စီတပ်တွေ ဝင်လာပြီးနောက်မှာလည်း လူမနေတဲ့အိမ်တွေကို မီးရှို့လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေ မလုပ်ကြတာလို့ ဆိုပါတယ်။
ခက်လန်းရွာတောင်ဘက်မှာ မြိုင်သာရွာရှိပြီးတော့ အဲဒီရွာဟာလည်း ပြီးခဲ့တဲ့လက စစ်ကောင်စီတပ် မီးရှို့လို့ တရွာလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မြိုင်သာရွာကို ဒေသခံတွေ မပြန်နိုင်တော့တာကြောင့် ခက်လန်းရွာမှာ စစ်ရှောင်နေကြရတာလို့ သိရပါတယ်။


