
စစ်ကိုင်းတိုင်း၊ မော်လိုက်နဲ့ စစ်ကိုင်းမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၄ ရက် မနေ့က မော်လိုက်မြို့ အရှေ့မြောက်ဘက် ချင်းတွင်းမြစ်ဘေး ဆွတ်နန်းရွာ အနီးက ရန်ကင်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတခုကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန် စစ်သား ၆ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ခဲ့တဲ့ တပ်စခန်းနေရာမှာ ခြေကုပ်ယူဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ မော်လိုက်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တယောက်က DVB ကို ပြောပါတယ်။
“ကျနော်တို့အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရန်ကင်းတောင်ဘက်ကို ဒီဇင်ဘာလ ၉ ရက်နေ့မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ အဲနေရာတွေကို တော်လှန်ရေးတပ်တွေဘက်က ဆုတ်ပေးထားရတာ။ ဒါပေမဲ့ မနေ့က နေ့လယ်လောက်မှာ ရန်ကင်းတောင်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီစခန်းကို ပြန်ဝင်တိုက်တာ စစ်ကောင်စီ ၆ ယောက်တော့ နေရာမှာတင် သေတယ်။ ကျန်တဲ့ အယောက် ၃၀ လောက်က ဆွတ်နန်းရွာထဲကို ထွက်ပြေး ဝင်ရောက်သွားတယ်။”
တိုက်ပွဲအတွင်းကနေ စစ်ကောင်စီတပ်ရဲ့ ၁၂၂ မမ ရှော့တိုက်ဒုံး ၇ လုံး၊ MA1 တလက်၊ MA3 တလက်၊ MA15 တလက်၊ G3 တလက်၊ ကျည်ဘောက် ၁၃ ခု၊ ကျည်မျိုးစုံ ၁,၂၀၀ တောင့်၊ Jammer တလုံး သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကနေ နိုဝင်ဘာလအထိ မော်လိုက်ခရိုင်ထဲက စစ်ကောင်စီတပ်နဲ့ ပျူစောထီး တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့ သိမ်းငှက်စစ်ဆင်ရေး ကာလအတွင်းမှာလည်း တပ်စခန်း ၈ ခုနဲ့ ကျေးရွာ ၁၇ ရွာလောက်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက စိုးမိုးထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၀ ရက်မှာလည်း မင်းကွန်းမြို့ကနေ အင်အား ၁၀၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး G3 ကျည် ၈၅၅ တောင့်၊ ၅.၅၆ ကျည် ၇၉၆ တောင့်၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ RPG အသီး ၃ လုံး၊ ပို့ကျည် ၃ တောင့်၊ အီနာဂါ M9 တလုံး၊ ငါးကြင်းမြီးပြောင်းတပြောင်း၊ MA ကျည်ဘောက် ၃ ဘောက်၊ MA2 ဘောက်အဝိုင်း တခု သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတချို့ အပါအဝင် ထိခိုက်သေဆုံးတာ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။
“စစ်ကြောင်းထိုးလာတာကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာက စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိတဲ့ တဦး အပါအဝင် နောက်ထပ် သေဆုံးတာတွေ များတယ်။ အလောင်းတွေကို အကုန်ထုပ်ပြီး ပြန်ဆုတ်သွားတာဆိုတော့ သေဆုံးစာရင်းက အတိအကျ မသိရဘူး၊ သေဆုံးမှုတော့ ရှိတာ သေချာတယ်။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာလည်း ရှိပါတယ်။”
တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် မင်းကွန်းမြို့ထဲကို ပြန်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်က အင်အားပြန်လည်စုဖွဲ့ပြီး စစ်ကြောင်းပြန်ထိုးလာကာ လက်ရှိ မယ်ဇလီချောင်းရွာမှာ ဝင်ရောက်တပ်စွဲထားတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့နဲ့ နယ်မြေစိုးမိုးရေးအတွက် ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းတွေဟာ တော်လှန်ရေးတပ်တွေရဲ့ မကြာခဏ ကြားဖြတ်တိုက်ခိုက် ချေမှုန်းတာကို ခံနေရတာ ဖြစ်ပါတယ်။
ဒါကြောင့် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) က တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွေးကို နိုဝင်ဘာလ နောက်ဆုံးအပတ်မှာ ရာထူးက အနားပေးလိုက်ပြီး ဗိုလ်ချုပ်ကျော်သူရကို တိုင်းမှူးအဖြစ် အစားထိုး ခန့်အပ်လိုက်တယ်လို့ CDM စစ်တပ်အရာရှိတွေက ပြောပါတယ်။


