စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ထဲမှာ ဒီဇင်ဘာ ၉ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ၆ ယောက် သေဆုံးသလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Mawlaik Revolution က ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Mawlaik Revolution ရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်တပ်စစ်ကြောင်းက ကျနော်တို့ မော်လိုက်တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွေ အခြေပြုတပ်စွဲထားတဲ့ ဆွတ်နန်းရွာနားက ဒေသအခေါ် ရန်ကင်းတောင် စခန်းကိုစတင်လာရောက်တိုက်ခိုက်ခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ စစ်သားနဲ့ပျူစောထီးလို့ခေါ်တဲ့ ပြည်သူ့စစ်တွေရဲ့ အလောင်း ၆ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာ” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ သာလွန်အင်အားတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မော်လိုက်တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတွေဟာ စခန်းကုန်းကနေ ယာယီဆုတ်ခွာပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
Mawlaik Revolution ရဲ့ တာဝန်ခံတယောက်က “အဲဒီစစ်ကြောင်းက တပ်မ ၇၇ လက်အောက်ခံ ခမရ ၈ ရယ်၊ နယ်မြေခံတပ်နဲ့ ပြည်သူ့စစ်တွေပေါင်းပြီး အင်အား ၆၀ လောက်နဲ့ ၉ ရက်နေ့မှာ ကျနော်တို့ စခန်းကုန်းကို စတင်တိုက်ခိုက်ခဲ့ရာမှာ အင်အားမမျှလို့ ကျနော်တို့ဘက်က စခန်းကနေ ခဏ ဆုတ်ပေးလိုက်ရတယ်။ ၁၄ ရက်နေ့မှာတော့ ကျနော်တို့ဘက်က ပြန်ပြီးထိုးစစ်ဆင် တိုက်ခိုက်ခဲ့လို့ သူတို့ဘက်က အထိနာပြီးတော့ အင်အား ၃၀ လောက်က ဆွတ်နန်းရွာဘက်ကို ထွက်ပြေးသွားကြလို့ အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ ကျနော်တို့စခန်းကို ပြန်ရခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
ဒီဇင်ဘာလ ၉ ရက်ကနေ ၁၄ ရက်အထိ ၆ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်းဆီကနေ ၁၂၂ မမ ရှော့တိုက်ဒုံး ၇ လုံး၊ MA1 သေနတ် ၁ လက်၊ MA3 သေနတ် ၁ လက်၊ MA15 သေနတ် ၁ လက်၊ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁၃ ခု၊ ကျည်မျိုးစုံအတောင့်ရေ ၁၂၀၀ နီးပါးနဲ့ Jammer စက် ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆွတ်နန်းကျေးရွာဘက်ကို ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆိုပါကျေးရွာအတွင်းမှာ တပ်စွဲနေတာကြောင့် စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ မော်လိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။






