
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲမှာ ဒီဇင်ဘာ ၉ ရက်က ရိက္ခာသယ်လာတဲ့ ပျူစောထီးတွေကို ပစ်ခတ်ဖမ်းဆီးရာ ၂ ယောက်သေဆုံးပြီး ၈ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း ၂၁ (တိုက်နယ် ၉ - MRTF တပ်ဖွဲ့) ဆီကနေ သိရပါတယ်။
မုံရွာခရိုင် တပ်ရင်း ၂၁ ရဲ့ ပြန်ကြားရေးတာဝန်ခံက “အရာတော်မြို့နယ်ထဲမှာရှိတဲ့ ငွေတွင်း ပျူစောထီးရွာက ပျူတွေကို ပစ်ခတ်ဖမ်းဆီးရာမှာ ၂ ယောက် သေပြီးတော့ ၈ ယောက်ကိုတော့ အဲဒီနေ့မနက် ၉ နာရီခွဲလောက်မှာ အရှင်ဖမ်းဆီးနိုင်ခဲ့တာ” လို့ ပြောပါတယ်။
အရှင်ဖမ်းဆီးရမိတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေထဲမှာ ငွေတွင်းပျူစောထီးခေါင်းဆောင်ရဲ့ ညာလက်ရုံးတယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
မုံရွာခရိုင် တပ်ရင်း ၂၁ ရဲ့ တာဝန်ရှိသူတယောက်က “ငွေတွင်းပျူရွာမှာ ရိက္ခာပြတ်တဲ့အခါ အဲဒီရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ညောင်ဒူးလေးရွာကို သွားပြီး ရိက္ခာသယ်ကြရတယ်။ အခုလည်း အဲ့လို ရိက္ခာသယ်ပြီး ပြန်လာတဲ့ ပျူ ၁၀ ယောက်ကို ငွေတွင်းနဲ့ ညောင်ဒူးလေးရွာကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ပျူ ၂ ယောက်ကတော့ နေရာမှာတင် သေသွားတော့ ၈ ယောက်ကို အရှင်ဖမ်းမိလာတာပါ။ စစ်ဆေးကြည့်လိုက်တော့ အရှင်ဖမ်းမိလာတဲ့အထဲမှာ ငွေတွင်းပျူစောထီးခေါင်းဆောင် ကျော်ဆွေရဲ့ ညာလက်ရုံးတယောက် ပါလာတယ်။ ဖမ်းမိသူတွေကိုတော့ စစ်ဆေးစရာတွေ စစ်ဆေးမေးမြန်းပြီး သုံ့ပန်းဥပဒေနဲ့အညီပဲ ထိန်းသိမ်းထားပါတယ်” လို့ ပြောပါတယ်။
အဆိုပါ ပျူစောထီးအဖွဲ့ဝင်တွေ သယ်ဆောင်လာကြတဲ့ စားနပ်ရိက္ခာတွေကို တော်လှန်ရေးတပ်တွေက သိမ်းဆည်းခဲ့ပါတယ်။
အဲဒီပစ်ခတ်ဖမ်းဆီးမှုကိုတော့ မုံရွာခရိုင်အမှက် ၂၁ တပ်ရင်း (တိုက်နယ် 9) MRTF နဲ့အတူ ရွာခံမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။


