
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ထဲမှာ ပျူစောထီး ခေါင်းဆောင်ရဲ့ တပည့်ဖြစ်သူကို WY မူးယစ်ဆေးဝါးတွေနဲ့အတူ နိုဝင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းကနေ သိရပါတယ်။
သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင်တယောက်က “မင်းတုန်းက နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ဖိုးပြားရဲ့ တပည့်ဖြစ်ပြီးတော့ မင်းတုန်းမြို့နယ်ထဲက ညောင်ပင်သာရွာမှာ နေတဲ့ နေသွေးကို WY ဆေးပြား အပြားရေ ၁၀,၀၀၀ နဲ့အတူ လက်ရဖမ်းဆီးရမိခဲ့တာပါ” လို့ ပြောပါတယ်။
WY မူးယစ်ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ နေသွေးဟာ အသက် ၃၆ နှစ်အရွယ်ရှိပြီး စစ်ကောင်စီတပ်နဲ့ ပေါင်းကာ လူငယ်တွေ ပေါ်တာဆွဲ ဖမ်းဆီးရာမှာ တက်တက်ကြွကြွ ပါဝင်နေသူ ဖြစ်သလို ပုသိမ်-မုံရွာလမ်းပိုင်းပေါ်မှာလည်း ဂိတ်စခန်းဖွင့်လှစ်ပြီး ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံနေသူဖြစ်တယ်လို့ ဆိုပါတယ်။
သရက်ခရိုင်အမှတ် ၄ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က “သူနဲ့ သူ့ဆရာ ဖိုးပြားက စစ်တပ်နဲ့ပေါင်းပြီး မူးယစ်ဆေးရောင်းတယ်။ တရားမဝင် လောင်းကစားတွေလည်း လုပ်တယ်။ လူငယ်တွေကို ပေါ်တာဆွဲတယ်။ ရွာတွေဘက်ကို စစ်ကြောင်းထိုးရင်လည်း သူတို့ ဆရာ တပည့် ၂ ယောက်လုံး ပါတယ်။ နေသွေးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိတာက သတင်းကြိုရလို့ မင်းတုန်းမြို့ဘက်ကို ဆိုင်ကယ်နဲ့ သူတယောက်တည်း ထွက်လာတဲ့အချိန် ပုသိမ်-မုံရွာ လမ်းပိုင်းပေါ်မှာ စောင့်ပြီး မနက် ၁၁ နာရီလောက်မှာ ဖမ်းမိခဲ့တာပါ။ အခုတော့ သူ့ကို စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်” လို့ DVB ကို ပြောပါတယ်။
ရရှိလာတဲ့ စစ်ဆေးပေါ်ပေါက်ချက်တွေကို အထက်အဖွဲ့အစည်းတွေဆီ တင်ပြပြီး ညွှန်ကြားချက်တွေ အရ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက စိုးမိုးနယ်မြေတွေနဲ့ စစ်ရေးလှုပ်ရှား နယ်မြေတွေအတွင်းမှာ ရှိကြတဲ့ ကားလမ်းပိုင်းတွေပေါ်မှာ လုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်တဲ့အခါမှာလည်း ခရီးသွားပြည်သူတွေအနေနဲ့ ယုံကြည်စိတ်ချစွာ အစစ်ဆေးခံယူကြပြီး ပူးပေါင်းပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံထားတယ်လို့လည်း သိရပါတယ်။


