
မကွေးတိုင်း၊ မင်းတုန်းမြို့မှာ အောက်တိုဘာ ၂၅ ရက် မနက် ၆ နာရီခွဲဝန်းကျင်က ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက်ကို တိုက်ခိုက်ခဲ့ရာ ၂ ယောက်လုံး သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းဆီကနေ သိရပါတယ်။
သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင်တယောက်က “မင်းတုန်းမြို့ပေါ်ကနေ ၅ မိုင်လောက်ဝေးတဲ့ အင်းလည်ကုန်းရွာနားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ဒီတကြိမ်မှာ လာတဲ့အင်အား နည်းတာ။ အရင်ရက်တွေက ၄၊ ၅ ယောက် လာလာပြီး ခရီးသွားကားတွေနဲ့ ကုန်ကားတွေဆီကနေ ဆက်ကြေးကောက်နေတာ” လို့ ပြောပါတယ်။
ပစ်ခတ်မှုအတွင်း ရဲတပ်သားတွေဖြစ်ကြတဲ့ သန်းထိုက်စိုးနဲ့ နေမင်းထက်တို့ နေရာမှာတင် သေဆုံးသွားကြပြီး သူတို့ဆီကနေ G3 သေနတ် ၃ လက်၊ ကျည်ဘောက် ၂ ခု၊ G3 ကျည် ၂၉ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ထိပ် ၁ ခု၊ ဖုန်း ၁ လုံးနဲ့ ငွေသား ၆၅,၀၀၀ တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
သရက်ခရိုင် အမှတ် ၄ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က “အပြန်အလှန်ပစ်ခတ်မှု မရှိခဲ့ပါဘူး။ သေတဲ့ရဲ ၂ ယောက်ရဲ့ အလောင်းတွေကိုတော့ နေ့လယ်ပိုင်းမှာ သူတို့ဘက်ကပဲ ပြန်လာသယ်သွားကြတယ်။ အခုဖြစ်စဥ်ဖြစ်ခဲ့တဲ့ လမ်းပေါ်မှာ သူတို့ဘက်က ဂိတ်တွေ အမြဲတန်းဖွင့်ထားတာတော့ မဟုတ်ဘူး။ သူတို့ဘက်က ပိုက်ဆံလိုတဲ့အချိန် ထွက်ထွက်လာတတ်တာမျိုးပါ။ အခုလည်း သတင်းရလို့ ကျနော်တို့ဆီက တပ်စိပ်တစိပ်က ကြိုစောင့်ပြီး ပစ်ခတ်ခဲ့တာ။ ကျနော်တို့ ဒီဘက်နယ်တွေကို စစ်တပ်ဘက်က စားနပ်ရိက္ခာတွေ ဖြတ်တောက်ခံထားရတော့ ဆန်တို့၊ ဆီတို့ကို ဒေသတွင်း သယ်ယူပို့ဆောင်ကြတဲ့ မော်တော်ယာဥ်တွေကို ဒီကောင်တွေက လာလာပြီး ငွေညှစ်ကြတာ။ တစီးတစီးကို ၅ သိန်းအထက် တောင်းတော့ စျေးနှုန်းတွေကလည်း အဆမတန်တက်တာပေါ့” လို့ DVB ကို ပြောပါတယ်။
မင်းတုန်း၊ သရက်၊ ကံမ မြို့နယ်တွေကို စစ်ကောင်စီတပ်ဘက်က စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ဖြတ်တောက်ထားတာအပြင် ဆက်သွယ်ရေးဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားတာ တနှစ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။
ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ အနေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အနီးဝန်းကျင်တွေမှာ နေထိုင်သွားလာ မောင်းနှင်တာတွေ မပြုလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထား ပါတယ်။


