
စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မော်လိုက်ခရိုင် တော်လှန်ရေးတပ်ရင်းတွေဆီကို စစ်ကောင်စီ လက်အောက်ခံ ၅ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့လို့ ဆုကြေးငွေ ကျပ် သိန်း ၅၀ စီ ပေးအပ်ထားတယ်လို့ Mawlaik Revolution အဖွဲ့က ဒီဇင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
Mawlaik Revolution အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “အခု အလင်းဝင်လာကြသူတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကနေ စက်တင်ဘာလကုန်ပိုင်းအထိ သိမ်းငှက်စစ်ဆင်ရေးကာလနဲ့ အဲဒီနောက်ပိုင်းမှာ အလင်းဝင်လာကြသူတွေ ဖြစ်ပါတယ်။ မော်လိုက်ခရိုင် တပ်ရင်း ၂ နဲ့ တပ်ရင်း ၄ တွေဆီကို အလင်းဝင်လာကြတာပါ” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာကြသူတွေဟာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တယောက်၊ ပျူစောထီး ၃ ယောက်နဲ့ စစ်ကောင်စီခန့် ဆယ်အိမ်မှူးတယောက်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
Mawlaik Revolution အဖွဲ့ တာဝန်ခံတယောက်က “ကျနော်တို့ရဲ့ သိမ်းငှက်စစ်ဆင်ရေးကာလမှာ အလင်းဝင်လာတာက ဟုမ္မလင်းမြို့အခြေစိုက် ခလရ ၂၂၂ တပ်ရင်းက စစ်မှုထမ်းတပ်သား ပြည်သူ့စစ်တယောက်၊ မော်လိုက်မြို့နယ်ထဲက ရွာသစ်ရွာက ပျူစောထီးတယောက်၊ နောင်ပိန်းရွာက ပျူစောထီးတယောက်နဲ့ ကြို့ကုန်းရွာက စစ်တပ်ကခန့်တဲ့ ဆယ်အိမ်မှူးတယောက်ပါ။ စစ်ဆင်ရေး ရပ်နားပြီးတဲ့နောက်ပိုင်း အခု ဒီဇင်ဘာ ၇ ရက်နေ့မှာ နောက်ဆုံး အလင်းဝင်လာတဲ့သူက ဟုမ္မလင်းမြို့နယ်ထဲက ပျူစောထီး မျိုးမင်းအောင်ပါ။ သူတို့အားလုံး လက်နက်ကိုယ်စီအပ်ပြီး အလင်းဝင်လာခဲ့ကြတာ” လို့ ပြောပါတယ်။
လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့ကြတဲ့ တယောက်ချင်းစီကို ဆုကြေးငွေ ကျပ် သိန်း ၅၀ စီ ပေးအပ်ထားပြီး မော်လိုက်ခရိုင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေထဲမှာ သူတို့ရဲ့ မိသားစု ဆွေမျိုးတွေနဲ့အတူ နေထိုင်စေရင်း အလုပ်အကိုင် အခွင့်အလမ်းတွေကိုပါ စီစဥ်ဆောင်ရွက်ပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။
မော်လိုက်ခရိုင်အတွင်း ရောက်ရှိနေကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့လည်း အချိန်မရွေး လာရောက်ပူးပေါင်း အလင်းဝင်ရောက်ကြဖို့ မော်လိုက်အခြေစိုက် တော်လှန်ရေးအင်အားစုတွေဘက်က ဖိတ်ခေါ်ထားပါတယ်။
မော်လိုက်ဒေသမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကနေ စက်တင်ဘာလကုန်ပိုင်းအထိ သိမ်းငှက်စစ်ဆင်ရေးကာလအတွင်း ပျူစောထီးကျေးရွာတွေ အပါအဝင် စစ်ကောင်စီတပ်စခန်း ၈ ခုထက်မနည်း သိမ်းပိုက်ရရှိခဲ့သလို ပျူစောထီးကျေးရွာ ၁၇ ရွာကိုလည်း ထိန်းချုပ်စိုးမိုး ရရှိခဲ့ပြီးနောက်ပိုင်း တောင်သူတွေရဲ့ စပါးရိတ်သိမ်းချိန် ဖြစ်တာကြောင့် စစ်ဆင်ရေးကို အကန့်အသတ်မရှိ ရပ်နားထားတာလည်း ဖြစ်ပါတယ်။


