
ရခိုင်ပြည်နယ်က စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မြို့တော် စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့က ရပ်ကွက်၊ ကျေးရွာ ၇၁ ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးလို့ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ခဲ့ပါတယ်။
ဒီဇင်ဘာ ၂၈ ရက် စတင်ကျင်းပမဲ့ ရွေးကောက်ပွဲအပိုင်း ၁ မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီအထဲက စစ်တွေမြို့နယ်က မြို့ပေါ်ရပ်ကွက် ၁ ခု၊ ကျေးရွာအုပ်စု ၁၇ ခုနဲ့ ကျောက်ဖြူမြို့နယ်က မြို့ပေါ်ရပ်ကွက် ၅ ခုနဲ့ ကျေးရွာအုပ်စု ၄၈ စုတို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ UEC က နိုင်ငံပိုင်သတင်းစာကတဆင့် ဒီဇင်ဘာ ၆ ရက်နေ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာတောင် ရွေးကောက်ပွဲ ရာနှုန်းပြည့် မကျင်းပနိုင်ဘူးဆိုတာ ရခိုင်ပြည်မှာ သူတို့ရဲ့ အာဏာစက် မရှိတော့ဘူး ဆိုတာကို ထင်ထင်ရှားရှား ပြသလိုက်တာလို့ စစ်တွေမြို့ခံ တက်ကြွလူငယ်တယောက်က ပြောပါတယ်။
“စစ်ကောင်စီက သူတို့ ထိန်းချုပ်ထားတဲ့ မြို့နယ် ၃ ခုကိုတောင် ရာနှုန်းပြည့် ရွေးကောက်ပွဲ မကျင်းပနိုင်တာကို ကြည့်ခြင်းဖြင့် သူတို့ရဲ့ အာဏာစက် ရခိုင်ပြည်မှာ သက်ရောက်မှု မရှိဘူးဆိုတာ သိသာစေတယ်။ စစ်တွေနဲ့ ကျောက်ဖြူကိုတောင် အစိုးရရုံးတွေ စိုက်ထားနိုင်လို့ မြို့ပေါ်လောက်ပဲ လုပ်နိုင်တော့တာ။ စစ်တွေမြို့မှာတောင် တချို့ရပ်ကွက်တွေ မဲရုံစိုက်လို့ မရတော့ဘူး။ ပြည်သူတွေလည်း ဘယ်သူမှ စိတ်ဝင်စားတာ ရှိမနေဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ကိုယ်စားပြု နိုင်ငံရေးပါတီတွေအဖြစ် ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ဦးဘရှိန်ရဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) နဲ့ စစ်တပ်ကျောထောက်နောက်ခံပြုလုပ်ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) တို့က အပြိုင်အဆိုင် မဲဆွယ်စည်းရုံးနေကြပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား နှစ်ဖက် စစ်ရေးတင်းမာနေပြီး အပြန်အလှန် ပစ်ခတ်နေကြတာလည်း ဖြစ်ပါတယ်။
အခု စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲမှာ နိုင်ငံတဝန်းလုံးရှိ မြို့နယ် ၅၆ မြို့နယ်မှာ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပါတယ်။


